ရူပါဝစရစိတ် အာရူပဝစရစိတ်

ဈာန်နှစ်မျိုး။ ။ ဤ ရူပဈာန် အရူပဈာန်သည် သမထာနုယောဂပဋိလဒ္ဓဈာန်၊ မဂ္ဂသိဒ္ဓဈာန်ဟု နှစ်မျိုးရှိ ၏။ ထိုတွင် သမထကမ္မဋ္ဌာန်းကို တမင်္ဂလာအားထုတ်မှ ရအပ်သော ဈာန်သည် သမထာနုယောဂပဋိလဒ္ဓဈာန် မည်၏။ ရှေးရှေးက "သမာပတ်ရှစ်ပါးနှင့် ပြည့်စိုသူဖြစ်ရပါလို၏" ဟု ဆုတောင်းပြည့်သူသည် မဂ်ကို ရလျှင် လောကီဈာန်သမာပတ်များကိုလည်း အပြီးအစီးရနိုင်သည်။ ထိုဈာန်ကို မဂ္ဂသိဒ္ဓဈာန် ဟု ခေါ်သည်။

ဈာန်အင်္ဂါတို့က နီဝရဏတို့ကို ပယ်သတ်ခြင်း

ဈာန်ဟူသည်

အာရုံကို စူးစိုက်စွာ ရှုတတ်ခြင်း, ဆန့်ကျင်ဘက်တရား(နီဝရဏ)တို့ကို လောင်မြိုက်တတ်ခြင်းတို့ကြောင့် ဈာန်ဟု ခေါ်သည်၊ ဈာန်စိတ်တွင် စေတသိက်အများအပြား ပါဝင်သော်လည်း စူးစိုက်စွာရှုခြင်း, လောင်မြိုက်ခြင်းကိစ္စကို ဝိတက်စသည့် ၅ပါးကသာ စွမ်းဆောင်နိုင်၍ ၄င်း၅ခုကိုသာ ဈာန်ဟု ခေါ်သည်၊ ထိနမိဒ္ဓသည် ထိုင်းမိုင်းတွေဝေခြင်း သဘောရှိ၏၊ အကြံမဲ့သူ လူပြိန်းနှင့်တူ၏၊ ဝိတက်သည် အာရုံတခုသို့ရောက်အောင် တင်ပေး၏၊ အကြံသမားနှင့်တူ၏၊ ထိုသို့ ထိနမိဒ္ဓနှင့် ဝိတက်သည် ဆန့်ကျင် ဘက်ဖြစ်၍ ဝိတက်သည် ထိနမိဒ္ဓကို သတ်၏။ ဝိစိကိစ္ဆာသည် အာရုံတစ်ခု၌ ကောင်းစွာမတည် အလီလီ ယုံမှားတတ်သော သဘောရှိ၏၊ ဝိစိကိစ္ဆာနှိပ်စက်လျှင် ကမ္မဋ္ဌာန်းအာရုံ ပျောက်သွားနိုင်၏၊ ဝိစာရကား ရပြီးရောက်ပြီး အာရုံကို ထပ်ကာထပ်ကာ ယူခြင်းသဘောရှိ၏၊ ထိုသို့ ဝိစာရနှင့် ဝိစိကိစ္ဆာသည် ဆန့် ကျင် ဘက်ဖြစ်၍ ဝိစာရက ဝိစိကိစ္ဆာကို သတ်၏၊ ဗျာပါဒ(ဒေါသ) သည် အာရုံကို မနှစ်သက်ခြင်း သဘောရှိ၏၊ ဝိစာရက မည်မျှပင် အာရုံကို ထပ်ထပ်ယူသော်လည်း ဗျာပါဒနှောက်ယှက်က အာရုံကို ကြာရှည်စွာ ယူနိုင်မည်မဟုတ်၊ ပီတိကား အာရုံကို နှစ်သက်၏၊ ပီတိနှင့် ဗျာပါဒသည် ဆန့်ကျင်ဘက်ဖြစ်၍ ပီတိက ဗျာပါဒကို ပယ်သတ်၏၊ ဥဒ္ဓစ္စသည် မငြိမ်သက်ခြင်းသဘော, ကုက္ကုစ္စသည် ပူပန်ခြင်းသဘောရှိ၏၊ စိတ်အစဉ်က အာရုံကို နှစ်သက်အားရ ဖြစ်နေသော်လည်း ဥဒ္ဓစ္စ ကုက္ကုစ္စ နှောက်ယှက်လျှင် အာရုံကနေ ထွက်ခွာသွားနိုင်သည်၊ သုခကား အာရုံ၏အရသာကို ခံစားလျက် ငြိမ်သက်အေးမြခြင်း သဘောဖြစ်၍ သုခ,က ဥဒ္ဓစ္စ,ကုက္ကုစ္စ ကို ပယ်သတ်၏၊

ကာမစ္ဆန္ဒသည် ကာမဂုဏ်အာရုံကို တောင့်တတတ်၏၊ ကာမစ္ဆန္ဒက နှောက်ယှက်လျှင် ဝိတက်, ဝိစာရ, ပီတိ, သုခတို့ ခံနိုင်ကြမည်မဟုတ်၊ ကမ္မဋ္ဌာန်းအာရုံမှ ခွဲခွါပြီး ကာမဂုဏ်အာရုံတို့ကို ကြံစည်လိမ့်မည်၊ သမာဓိကား ကမ္မဌာန်းအာရုံ၌ တည်တံ့ခြင်း သဘောရှိရကား ကာမစ္ဆန္ဒကို ပယ်ခွါလေသည်၊ ဤသို့ သမာဓိ(ဧကဂ္ဂတာ) သည် ဝိတက် ဝိစာ ပီတိ သုခတို့က အာရုံသို့တင်ပေးမှု သုံးသပ်မှု နှစ်သက်မှု သာယာမှုတို့ဖြင့် ဝိုင်းဝန်းကူညီ ထောက်ပန့်ကြ၍အာရုံ၌ စွဲစွဲမြဲမြဲတည်၍ ဈာန်ကိစ္စကို ပြုလုပ်နိုင်လေသည်။

ရူပါဝစရစိတ် ၁၅-ပါး

ရူပါဝစရကုသိုလ်စိတ် ၅-ပါး

(ဝိပါက်စိတ် နှင့် ကြိယာစိတ်ကို ရေတွက်ရာ၌ ကုသိုလ်စိတ်အစား ဝိပါက်စိတ်/ကြိယာစိတ်ဟု ပြောင်းလဲ ရေတွက်ရုံသာထူး၏။ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါးနှင့် တကွဖြစ်သော ပထမဈာန်ဝိပါက််စိတ်-၁၊ ဝိတက် ဝိစာရ ပီတိ သုခ ဧကဂ္ဂတာ ဈာန်အင်္ဂါ ၅-ပါးနှင့် တကွဖြစ်သော ပထမဈာန်ကြိယာစိတ်-၁၊ စသည်ဖြင့် ရေတွက်ပါ)

ပထဝီကသိုဏ်းဖြင့် ပထမဈာန်ရအောင်အားထုတ်ပုံ

အရုဏ်ရောင်အဆင်းကဲ့သို့ မဝင်းလွန်းမဝါလွန်းသော နှုံးမြေနုကို ရေဖြင့်ဖျော်ပြီး ပျဉ်ချပ်ပေါ်မှာ ဖြစ်စေ, သားရေပိုင်း, အဝတ်စသည်တို့ပေါ်မှာဖြစ်စေ, တထွာနှင့် လက်လေးသစ် ကျယ်ပြန့်ဝိုင်းစက်စွာ သုတ်လိမ်းပြီး ပတ်ပတ်လည်အနားကို မဲနယ်ဖြင့်ကွပ်၍ စည်မျက်နှာပြင်ကဲ့သို့ ချောမွေ့အောင် ကသိုဏ်းဝန်းကို ပြုလုပ်ပါ။ တရားထိုင်မည့် နေရာတွင် တံမြက်လှည်းပြီး သန့်ရှင်းရေးလုပ်ကာ မိမိထိုင်သည့်နေရာနှင့် နှစ် တောင့်ထွာ အကွာလောက်တွင် ကသိုဏ်းဝန်းကို ထား၍ မှန်အပြင်၌ မျက်နှာရိပ်ကို ကြည့်သူပမာ မဖွင့်လွန်း မမှိတ်လွန်းပဲ ကသိုဏ်းဝန်းကို ကြည့်ရမည်။ ထိုသို့ကြည့်ရာတွင် မြေ၏အရောင်ကိုလည်း နှလုံးမသွင်းရ၊ ပထဝီဓာတ်၏ မာခြင်းသဘောကိုလည်း နှလုံးမသွင်းရ။ မြေဒြပ်ကိုသာ နှလုံးသွင်း၍ မြန်မာလို "မြေ မြေ" ပါဠိလို "ပထဝီ ပထဝီ" ရံခါ နုတ်ဖြင့်ရွတ်၍၄င်း, ရံခါ စိတ်ဖြင့်ဆင်ခြင်၍၄င်း, ရံခါ မျက်စိမှိတ်၍၄င်း, ရံခါမျက်စိ ဖွင့်၍၄င်း စိတ်ထဲ၌ ပုံရိပ်ထင်မြင်လာသည်အထိ ပွားများရမည်။ မျက်စိမှိတ်ပြီး ကသိုဏ်းဝန်းကို အာရုံယူလိုက်လျှင် မျက်စိဖွင့်ပြီး ကြည့်လို့ မြင်ရသလိုမျိုး အာရုံ၌ ရှင်းရှင်းလင်းလင်း တွေ့ရလျှင် ကသိုဏ်း ဝန်းအနား နေပြီး ပွားများရန် မလိုတော့ပေ။ တိတ်ဆိတ်သည့် မည်သည့်နေရာမဆို နေပြီး စိတ်ထဲ၌ ပေါ် နေသော ကသိုဏ်ဝန်းကို အာရုံပြုပြီး ပထဝီ ပထဝီဟု ဆက်လက် ပွားများရမည်။

ပျဉ်ချပ်, သားရေပြား, အဝတ် စသည်ပေါ်တွင် မြေဖြင့် ပြုလုပ်ထားသော ကသိုဏ်းဝန်းကို ပရိကမ္မနိမိတ် ဟု ခေါ်သည်။ အပြင်က ကသိုဏ်းဝန်းနှင့်ထပ်တူ စိတ်ထဲတွင်ပေါ်နေသော ကသိုဏ်းဝန်းကို ဥဂ္ဂဟနိမိတ် ဟု ခေါ်သည်။ ဥဂ္ဂဟနိမိတ်ကို မှန်း၍ ပထဝီ ပထဝီ ဟု ပွားများဖန် များလသော် စိတ်ထဲ၌ ပေါ်နေသော ပုံရိပ်သည် အဆရာထောင်မက ပို၍ ကြည်လင်တောက်ပသော ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွား လိမ့်မည်။ ထိုပုံရိပ်ကို ပဋိဘာဂနိမိတ် ဟု ခေါ်သည်။ ဥဂ္ဂဟနိမိတ်သည် လက်ဖြင့်လုပ်ထားသော ပျဉ်ချပ် ပေါ်ရှိ ကသိုဏ်းဝန်းနှင့် ထပ်တူထပ်မျှ ဖြစ်သည်။ ပျဉ်ချပ်ပေါ်ရှိ ကသိုဏ်းဝန်းက အစင်းချောင်း လက်ရာစသည် ပါနေလျှင် စိတ်ထဲရှိ ဥဂ္ဂဟနိမိတ် ပုံရိပ်၌လည်း အစင်းချောင်း လက်ရာပါနေမည်ဖြစ်သည်။ ပဋိဘာဂနိမိတ် အဆင့် သို့ ပြောင်းလဲသွားသည့် ပုံရိပ်၌ ထိုကဲ့သို့ အပြစ်အနာအဆာများ မရှိတော့ဘဲ အလွန်သန့်ရှင်း ချောမွေ့ပြီး တောက်ပနေမည် ဖြစ်ပါသည်။ ဤ ပဋိဘာဂနိမိတ်ပုံရိပ် ပေါ်လာရင် စိတ်အစဉ်၌ နီဝရဏများကင်းစင်လေပြီ။

ပဋိဘာဂနိိမိတ် ကသိုဏ်းဝန်းအာရုံ စတင်၍ ယူနိုင်အောင် ဝိတက်က လုပ်ပေးသည်။ ဝိတက် တင်ပေးသော ကသိုဏ်းဝန်းအာရုံကို ဆက်တိုက်သိနေအောင် ဝိစာရ,က လုပ်ပေးသည်။ ကသိုဏ်းဝန်း အာရုံကို သဘောကျနေ၍ ကသိုဏ်းဝန်းအာရုံတွင် စိတ်က မြဲနေသည်။ ကသိုဏ်းဝန်း အာရုံကို သဘော ကျ နေအောင် ပီတိ,က လုပ်ပေးသည်။ ကသိုဏ်းဝန်းအာရုံကို သိနေရလျှင် စိတ်ချမ်းသာမှု ဖြစ်နေသည်။ စိတ်ချမ်းသာမှုရနေအောင် သုခ,က လုပ်ပေးထားသည်။ ဝိတက် ဝိစာရ ပီတိ သုခတို့၏ ပန့်ပိုးမှုကြောင့် စိတ်သည် ကသိုဏ်းဝန်း၌ စွဲမြဲစွာ တည်တံ့ပြီး ဧကဂ္ဂတာ (သမာဓိ) ဖြစ်နေလေတော့သည်။ ဤသို့ဖြင့် နီဝရဏကင်းစင်ပြီး ဈာန်အင်္ဂါများပေါ်လာကာ မကြာမှီမှာပင် ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဈာန်အင်္ဂါ ငါးပါးနှင့် ပြည့်စုံသော ပထမဈာန်စိတ်ပေါ်လာလေသည်။

ထိုပထမဈာန်စိတ်သည် ရဟန္တာမဟုတ်သူ သန္တာန်၌ ပေါ်လျှင် ကုသိုလ်ဈာန်ဖြစ်သည်။ ပထမဈာန် ကုသိုလ်ရှိသူ သေလျှင် ကပ်ရက်နောက်ဘဝ၌ ပထမဈာန်ဗြဟ္မာ့ဘုံ၌ ပထမဈာန်ဗြဟ္မာဖြစ်မည်။ ထိုဘုံ၌ အစဆုံးဖြစ်သော စိတ်သည် ပထမဈာန် ဝိပါက်စိတ်ဖြစ်သည်။ ပထမဈာန် ကုသိုလ်၏ အကျိုးစိတ်ဖြစ်သည်။ ပထမဈာန်စိတ်သည် ရဟန္တာသန္တာန်၌ ပထမဈာန်ရသည့်အနေဖြင့် အစဆုံးပေါ်သည့်အခါ သို့မဟုတ် ဈာန် ဝင်စားသည့်အနေဖြင့် ထပ်ကာထပ်ကာ ပေါ်သည့်အခါ ကြိယာဈာန်ဖြစ်လေသည်။ ဤသို့ဖြင့် ပထမ ဈာန်စိတ်သည် ကုသိုလ်တမျိုး ဝိပါက်တမျိုး ကြိယာတမျိုး အားဖြင့် သုံးမျိုးရှိသည်ဟု မှတ်ပါ။

ဒုတိယဈာန်စသည်တက်ပုံ

ဒုတိယဈာန်သို့တက်လိုသော ယောဂီသည် ရအပ်ပြီးသော ပထမဈာန်ကို ကျွမ်းကျင်အဆင့်သို့ ရောက်အောင် အဖန်ဖန် ဝင်စားရမည်။ အဖန်ဖန်ဝင်စားပြီးလတ်သော် ဝိတက်ဈာန်အင်္ဂါအပေါ်မှာ ရုန့်ရင်းကြမ်းတမ်းသည်ဟု ထင်လာ၏။ "ဝိတက်သည် အာရုံအမျိုးမျိုးသို့ စိတ်ကို တင်ပေးတတ်၏။ သူ့ အတွက်ကြောင့် လောကီအာရုံ ကာမဂုဏ်ဘက်သို့ စိတ်ရောက်သွားဘို့နီးလှသဖြင့် ကာမစ္ဆန္ဒနီဝရဏ ဘေးရန်နှင့် တွေ့မည်ကို စိုးရိမ်ရ၏။ ဝိတက်မပါမှသာ စိတ်ငြိမ်ဘွယ်ရှိသည်"ဟု ဝိတက်ကို အပြစ်ရှု၍ ဝိတက်မပါသော ဒုတိယဈာန်ကို ရည်သန်ပြီးလျှင် ပဋိဘာဂနိမိတ် ပထဝီကသိုဏ်းပညတ်ကိုပင် အာရုံပြု၍ ရှုမှတ်စီးဖြန်းရမည်။ ထိုသို့စီးဖြန်းလျှင် ဒုတိယဈာန် ပေါ်လာသည်။ ထို့နောက် "ဝိစာရသည် ရုန့်ရင်းကြမ်းတမ်း၏။ ဝိစာရသည် ဝိတက်နှင့် တွဲဘက်ဖြစ်ရကား မကြာခင် ဝိတက်နှင့်တွဲ၍ ပထမဈာန်သို့ လျောကျနိုင်သည်။ ဝိစာရမပါသော တတိယဈာန်သာ ပိုကောင်း၏"ဟု ဝိစာရကို အပြစ်မြင်၍ တတိယဈာန်ကို ရည်မှန်းပြီး အားထုတ်လျှင် ပီတိ သုခ ဧကဂ္ဂတာ ဟူသော ဈာန်အင်္ဂါ သုံးပါးပါသော တတိယဈာန်ပေါ်လာ၏။ ထို့နောက် "ပီတိ သည် နှစ်သက်ခြင်းသဘောရှိ၍ စိတ်ကို ကောင်းစွာ မငြိမ်သက်စေနိုင်၊ ပီတိ မပါမှ သာ စိတ်ငြိမ်သက်မည်"ဟု ပီတိကို အပြစ်မြင်၍ ဆက်၍ အားထုတ်လျှင် သုခ,ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးပါသော စတုတ္ထဈာန်ပေါ်လာ၏။ ထို့နောက် "သုခသည် ပီတိနှင့်သဘောတူပင်ဖြစ်၏။ ပီတိဟူသော ရန်သူနှင့် ပေါင်းမိသဖြင့် တတိယဈာန်သို့ လျှောကျမည်ကို စိုးရသည်"ဟု သုခကို အပြစ်ရှု၍ ဆက်လက်အားထုတ်လျှင် ဥပေက္ခာ ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးပါသော ပဉ္စမဈာန်ပေါ်လာ၏။

ဈာန်၌ ကျွမ်းကျင်အဆင့် သတ်မှတ်ပုံ

ဈာန်ဝင်စားပြီးနောက် ဈာန်၌ပါသော ဝိတက် ဝိစာရ စသည့် ဈာန်အင်္ဂါ တခုချင်းစီကို အလျှင် အမြန် စတင်ဆင်ခြင်နိုင်ရမည် (အာဝဇ္ဇနဝသိဘော်)။ ဈာန်ဝင်စားလိုသည့် ဆန္ဒ ဖြစ်ပေါ်လာလျှင် အချိန် ကြာကြာ မယူရဘဲ ချက်ချင်းလက်ငင်း ဈာန်စိတ် ပေါ်လာအောင် ပြုလုပ်နိုင်ရမည် (သမာပဇ္ဇနဝသိဘော်)။ တနာရီ ဈာန်ဝင်စားမည်ဟု ဆန္ဒရှိလျှင် တနာရီ မလျော့စေဘဲ ဈာန်စိတ် တနာရီတိတိ ဖြစ်စေနိုင်ရမည် (အဓိဋ္ဌာနဝသိဘော်)။ တနာရီ ဈာန်ဝင်စားမည်ဟု ဆန္ဒရှိလျှင် တနာရီ မကျော်စေဘဲ ဈာန်စိတ် တနာရီတိတိ ဖြစ်စေနိုင်ရမည် (ဝုဋ္ဌာနဝသိဘော်)။ ဈာန်၌ပါသော ဝိတက် ဝိစာရ စသည့် ဈာန်အင်္ဂါ တခုချင်းစီကို အလျှင်အမြန် စဉ်းစားနိုင်ရမည် (ပေစ္စဝေက္ခဏာဝသိဘော်)။ မနောဒွါရာဝဇ္ဇန်းအစွမ်းကို အာဝဇ္ဇန ဝသိဘော် ဟုခေါ်၍ ပေစ္စဝေက္ဓဏာဇောတို့၏ အစွမ်းကို ပေစ္စဝေက္ခဏာဝသိဘော် ဟုခေါ်သည်။ သို့ဖြစ်၍ အာဝဇ္ဇန ဝသိဘော်ဖြစ်လျှင် သမာပဇ္ဇနလည်း ဖြစ်တော့သည်သာ။ ပထမဈာန်၌ ဤဝသိဘော်တို့နှင့် ပြည့်စုံ လျှင် ပထမဈာန်၌ ကျွမ်းကျင်အဆင့်ရောက်ပြီဟုမှတ်ရမည်။ ပထမဈာန်ကို ကျွမ်းကျင်မှသာ ဒုတိယဈာန်ကို တက်ရ မည်။ ထို့အတူ အောက်အောက်ဈာန်ကို ကျွမ်းကျင်မှ အထက်အထက်ဈာန်ကို တက်ရမည်ဟုမှတ်ပါ။

ရူပ ကုသိုလ်/ဝိပါက်/ကြိယာ ၅-ပါး

အာရူပဈာန်တက်ပုံ

ရုပ်ခန္ဓာကိုယ်ရှိခြင်းကြောင့် ရောဂါအမျိုးမျိုး ကိုယ်ဆင်းရဲခြင်းအမျိုး ခံစားကြရသည်။ ရုပ်ခန္ဓာမရှိရာအရူပဘုံ၌ကား ထိုအပြစ်မျိုးမှ ကင်းသဖြင့် အေးမြလိမ့်မည်ဟု ရုပ်ကိုအပြစ်မြင်၍ အရူပဈာန်ကို ရလိုသောသူသည် (တစ္ဆေကြောက်တတ်သူသည် ညဉ့်အခါ သစ်ငုတ်တ်ကိုပင် တစ္ဆေထင်၍ ကြောက်နေသ ကဲ့သို့) ရူပဈာန်၏ အာရုံဖြစ်သော ကသိုဏ်းရုပ်ကို စက်ဆုပ်လေတော့၏။ ထိုသို့ ရူပဈာန်ကို စက်ဆုပ်၍ အရူပဈာန်ကို ရလိုသောသူသည် အာကာသကသိုဏ်းမှ တပါးသော ကသိုဏ်း၉ပါးတွင် တစ်ပါးပါးကို မှန်းဆပြီး စိတ်ထဲ၌ ပဋိဘာဂနိမိတ်ထင်နေစေရမည်။ ထိုအခါ ထင်နေသော ကသိုဏ်းဝန်းကို အာရုံမပြုတော့ပဲ ကသိုဏ်းဝန်းပြန့်နှံ့ရာအရပ်ကို "အနန္တော အာကာသော"ဟု ကောင်းကင်ကိုသာ နှလုံးသွင်းဆင်ခြင်နေမှုကို ပရိကမ်ပြုသည်ဟု ခေါ်သည်။ ဤသို့ပြုဖန်များလျှင် ထမင်းအိုးဝတွင် ဖုံးထားအပ်သော အဝတ်ကို ဖွင့် လိုက်သောအခါ အဝတ်ကွယ်ပျောက်၍ မျက်နှာဝ ဟင်းလင်းပေါက် ပေါ်လာသကဲ့သို့ ကသိုဏ်းဝန်း ကွယ်ပျောက်၍ ကသိုဏ်းပြန့်နှံ့ရာ အရပ်အားလုံး၌ ကောင်းကင်ဟင်းလင်းပြင် ဖြစ်၍ ထင်လာ၏။

မူလကသိုဏ်းကို နှလုံးမသွင်းပဲ ခွါ၍ရအပ်သော (စိတ် ထဲ၌ထင်လာသော) ကောင်းကင်ကို အာရုံပြုလျက် 'အကာသော အနန္တော' ဟု ပွားများဖန်များလျှင် အကာသာနဉ္စယတနဈာန်ပေါ်လာ၏။(အနန္တော-ဥပါဒ်ဟူသော အစအပိုင်းအခြားလည်းမရှိ, ဘင်ဟူသော အဆုံးအပိုင်းအခြားလည်း မရှိသော၊ အကာသော-ကောင်းကင်ပညတ်)

အာကာသာနဉ္စာယတနဈာန်အသားကျ၍ ဒုတိယအရူပဈာန်တက်လိုသောသူသည် အာကာသာ နဉ္စာယတနဈာန်မှ အထတွင် "အာကာသာနဉ္စာယတနဈာန်သည် ရူပဈာန်ဟူသော ရန်သူနှင့်နီး၏၊ ဒုတိယအရူပဈာန်လောက် မငြိမ်သက်"ဟု အပြစ်မြင်၍ ကောင်းကင်ပညတ်ကို အာရုံမပြုတော့ဘဲ ပထမအရူပဈာန်စိတ်ကို အာရုံပြုကာ အနန္တံ ဝိညာဏံ ဟု ပွားများလတ်သော် ဝိညာနဉ္စယတနဈာန်ပေါ်လာ၏။ (အနန္တဝိညာဏဟူရာ၌ ပထမ အရူပဝိညာဏ်သည် အနန္တဖြစ်သော ကောင်းကင်ပညတ်ကို အာရုံပြု၏။ ထိုအကြောင်းအာရုံ၏ အနန္တအမည်ကို အကျိုးအာရမဏိကဖြစ်သော ဝိညာဏ်အပေါ်၌တင်စား၍ ကာရဏူပစာရအားဖြင့် ဝိညာဏ်ကို အနန္တဟု ဆိုသည်။ "အနန္တံ-ဥပါဒ်ဘင်အားဖြင့် အပိုင်းအခြားမရှိသော ကောင်းကင်ကို အာရုံပြုသော၊ ဝိညာဏံ-ပထမအရူပဈာန်စိတ်"ဟု ဘာသာပြန်၊ အနန္တ မပါဘဲ ဝိညာဏံ ဝိညာဏံ ဟူ၍လည်း ပွားနိုင်သည်။)

ဝိညာဏနဉ္စယတနဈာန် အသားကျ၍ အာကိဉ္စညာယတနဈာန် ရလိုသောသူသည် ဝိညာဏနဉ္စယတနဈာန် ၏ အပြစ်ကိုရှုပြီးလျှင် ပထမအရူပဈာန်စိတ်ကို အာရုံမပြုတော့ဘဲ နတ္ထိဘောပညတ်ကို အာရုံပြုလျက် "နတ္ထိ ကိဉ္စိ"ဟု ပွားများလျှင် တတိယအရူပဈာန် ပေါ်လာ၏။

နတ္ထိကိဉ္စိ။ ။ "ကိဉ္စိ-ဇိုးဇဉ်းအနည်းငယ်မျှ၊ နတ္ထိ-မရှိတော့ပြီ"ဟု ဆိုရာ၌ ပထမအရူပဈာန်စိတ်မရှိခြင်းဟု မှတ်ပါ။ ထင်ရှားစေအံ့-- ဒုတိယအရူပဈာန်သည် ပထမအရူပဈာန်ကို အာရုံပြု၏။ ထိုပထမအရူပဝိညာဏ်ကို လွန်မြောက်နိုင်မှသာ တတိယအရူပဈာန်ကို ရမည်။ လွန်မြောက်ဟူသည် ထိုအာရုံကို အာရုံမပြုဘဲ တခြားအာရုံကို တိုးတက်၍ အာရုံပြုခြင်းပေတည်း။ ထို့ကြောင့်ပထမာအရူပဝိညာဏ်ကို အာရုံမပြုတော့ဘဲ "နတ္ထိကိဉ္စိ"ဟု အာရုံပြုလေရာ ပထမအရူပဝိညာဏ်ကွယ်ပြောက်၍ ပထမအရူပဝိညာဏ်မရှိခြင်းသာ ထင်ရှားတော့၏။ ဥပမာ-လူတစ်ယောက်သည် စည်းဝေထိုင်နေသော သံဃာတော်များကို မဏ္ဍပ်အလယ်မှာ တွေ့ပြီးနောက် အပြင်သို့ ထွက်သွားပြီး အစဉ်းအဝေးပြီး သံဃာတော်များ ပြန်သွားပြီးမှ ၄င်းနေရာသို့ ပြန်ရောက်လာရာ၌ သံဃာတော်များကို မတွေ့ရတော့ဘဲ ဘာမျှမရှိခြင်းကိုသာ တွေ့ရတော့သကဲ့သို့တည်း။ ထိုမရှိခြင်းသည် ပရမတ်မဟုတ်, ပညတ်မျှသာ ဖြစ်သောကြောင့် "နတ္ထိဘောပညတ်"ဟု ခေါ်သည်။

နေဝသညာနာသညာယတဈာန်ကို တက်လိုသော ယောဂီသည် တတိယအရူပဈာန်ကို အပြစ်မြင်လျှက် နတ္ထိဘောပညတ်ကို အာရုံမပြုတော့ဘဲ တတိယအရူပဈာန်ကို အာရုံပြုကာ "သန္တမေတံ ပဏီတမေတံ" ဟု အဖန်ဖန်ပွားများလသော် နေသညာနာသညာယတနဈာန်ပေါ်လာ၏။

သန္တမေတံ ပဏီတမေတံ။ ။ဧတံ-တတိယအရူပဈာန်သည်၊ သန္တံ-မရှိခြင်းကိုပင် အာရုံပြုနိုင်သည့်အတွက် ငြိမ်သက်ပါပေစွ။ ဧတံ-သည်၊ ပဏီတံ-မွန်မြတ်ပါပေစွ။ များစွာသော စိတ်တို့သည် ဒြပ်တစ်ခုခုကို အာရုံပြုနေရမှ ကြာရှည်စွာ မွေ့လျှော်နိုင်ကြ၏။ ဤပထမအရူပဈာန်ကား ဘာမျှမရှိခြင်းပညတ်ကို အာရုံပြုနိုင်သဖြင့် ငြိမ်သက်၏ဟု ချီးမွမ်းခြင်းဖြစ်သည်။ တတိယအရူပဈာန်သည် စတုတ္ထအရူပဈာန်လောက် မငြိမ်သက်သဖြင့် အပြစ်မြင်ခဲ့ပြီး အဘယ့်ကြောင့် တတိယအရူပဈာန်ကို ချီးမွမ်းရသနည်း ဟု မေးဘွယ်ရှိ၏။ ချီးမွမ်းခြင်းကား မရှိခြင်းကို အာရုံပြုနိုင်သည့်အတွက် ချီးမွမ်းခြင်းပင်တည်း။ အပြစ်ကို အပြစ်ဟု မြင်ကာ ဂုဏ်ကို ဂုဏ်ဟု မြင်သဖြင့် ရှေ့နောက်မဆန့်ကျင်။

ချီးမွမ်းသော်လည်း မလိုချင်။ ။ တတိယအရူပဈာန်ကို ချီးမွမ်းသင့်၍ ချီးမွမ်းသော်လည်း ၄င်းဈာန်ကို မဝင်စားလိုတော့၍ ၄င်းဈာန်ကို ကျော်လွန်ကာ စတုတ္ထအရူပဈာန်ကို ရနိုင်သည်။ ဥပမာ- ဘုရင်သည် လက် မှုပညာပြပွဲ၌ လှည့်လည်နေစဉ် လှပသော ဆင်စွယ်ရုပ်ကလေးကို ပြုလုပ်နေသော ဆင်စွယ်ပွတ်သမားကို မြင်တော်မူရာ တော်ပါပေသည်ဟု ချီးမွမ်းသော်လည်း ကိုယ်တိုင်က ဆင်စွယ်ပွတ်သမားမလုပ်လို။ ထိုကဲ့သို့ ချီးမွမ်းသော်လည်း ဆင်စွယ်ပွတ်သမားမလုပ်ဘဲ နန်းတော်သို့ပြန်ပြီး ဘုရင်လုပ်သကဲ့သို့ဖြစ်သည်။

(သင်္ဂြိုဟ်ဘာသာဋီကာ ၆၆၁-၆၇၄)

အရူပဈာန်သည် ရူပဈာန်လို အာရုံမများ

ရူပဈာန်တို့က အင်္ဂါတိက္ကမဈာန်ဖြစ်၍ ရူပဈာန်၌ ဈာန်တပါးလျှင် ကသိုဏ်း ၁ဝ, ကောဋ္ဌာသ ၁ဝစသည် ဖြင့် အာရုံများစွာရှိ၏၊ အရူပဈာန်တို့ကား အာရမ္မဏတိက္ကမဈာန်ဖြစ်၍ ဈာန်တပါးလျှင် အာရုံတပါးသာ ရှိရလေသည်။ပထမဈာန်၌ ဈာန်အင်္ဂါ ၅ပါး, ဒုတိယဈာန်၌ ဈာန်အင်္ဂါ ၄ပါးစသည်ဖြင့် ဈာန်အင်္ဂါလျော့ခြင်းကို အင်္ဂါတိက္ကမဟု ဆိုသည်၊ ရူပဈာန်၌ ဈာန်အင်္ဂါကို ပယ်ခွါဖို့က အရေးကြီးသောကြောင့် သက်ဆိုင်ရာ အာရုံ အမျိုးမျိုးရှိသော်လည်း အနှောက်အယှက်မရှိနိုင်၊ အရူပဈာန်တို့ကား ဥပေက္ခာ ဧကဂ္ဂတာ ဈာန်အင်္ဂါ နှစ်ပါးစီ အညီအမျှ ရှိသောကြောင့် ဈာန်အင်္ဂါကို လွန်ဘွယ်မလို၊ အောက်အောက်ဈာန်၏ အာရုံကို လွန်မြောက်နိုင် မှသာ အထက်အထက်ဈာန်များ ဖြစ်ပေါ်လာကြသည်၊ ရူပပဉ္စမဈာန်၏ အာရုံဖြစ်သော ကသိုဏ်းပညတ်ကို အာရုံမပြုဘဲ လွန်မြောက်နိုင်မှ အာကာသာနဉ္စာယတနဈာန်ကို ရနိုင်သည်၊အာကာသာ နဉ္စာယတနဈာန်၏ အာရုံဖြစ်သော ကောင်းကင်ပညတ်ကို လွန်မြောက်နိုင်မှ ဝိညာဏဉ္စာယတနဈာန်ကို ရနိုင်သည်။

(သင်္ဂြိုဟ်ဘာသာဋီကာ-၈၁)

ရူပဈာန်ရရှိစေနိုင်သည့် ကသိုဏ်းရှုနည်း ၁ဝ-မျိုး အကျဉ်းချုပ်

ကသိုဏ်းဝန်းပြုလုပ်ရန် မလိုခြင်း

ပထဝီကသိုဏ်းနိမိတ်ကို ကြည့်ရှုပွားများရာ၌ ရှေးအတိတ်ကာလ နီးသောဘဝက ပထဝီကသိုဏ်း နိမိတ်ကို ရခဲ့ဘူခြင်းမရှိ အထုံ၊ ဝသီ၊ ပါရမီ မရှိခဲ့သော သူများမှာကား မြေကြီးကသိုဏ်းဝန်းကို အသေအခြာ ပြုလုပ်၍ ရှုမှပင် နိမိတ်ရနိုင်သည်။ ရှေးအထုံ၊ ဝသီ၊ ပါရမီ ရှိသော သူများမှာကား မပြုမပြင်ပဲ ပကတိမြေပြင် ကိုလည်းကောင်း ကောက်နယ်တလင်းကိုလည်းကောင်း ထွန်ယက်ထားသော ထွန်ချေးခဲ လယ်ကွက်တို့ကို လည်းကောင်း "မြေမြေ"ဟု နှစ်လုံးသွင်းပြီး ကြည့်ရှုလိုက်လျှင် ပထဝီကသိုဏ်းနိမိတ် ဖြစ်ပေါ်စေနိုင်၏။ ဈာန်ရသည်အထိ ဖြစ်နိုင်၏။

အာပေါကသိုဏ်း

ရေကို ပါဠိဘာသာဖြင့် အာပေါဟု ခေါ်၏။ ထို့ကြောင့် ရေကသိုဏ်းဝန်းကို အာပေါကသိုဏ်းဝန်းဟု ခေါ်ရ၏။ ရှေးအတိတ်ကာလ နီးသောဘဝက ရေကသိုဏ်း ရှုခဲ့ဘူးသော အထုံ၊ ဝသီ၊ ပါရမီ ရှိသော သူသည် ရေကသိုဏ်းဝန်းပြုလုပ်ရန် မလိုပဲ ပကတိရှိနေသော မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ သမုဒ္ဒရာ၊ ရေတွင်း၊ ရေကန်ရှိ ရေကို ကြည့်ရုံမျှဖြင့် အလွယ်တကူ ရေပရိကမ္မနိမိတ် ဥဂ္ဂဟနိမိတ်ကို ရယူ နိုင်သည်။ ပါရမီမရှိသောသူအတွက် ရေကသိုဏ်ဝန်း ပြုလုပ်ရန် အစီအစဉ်မှာ တစ်တောင် (သို့မဟုတ်) တောင်ဆုပ်ခန့် အဝကျယ်၍ အစောက်နက်သော အိုးခွက်စည်ပိုင်းထဲ၌ ကြည်လင်သောရေကို ထည့်၍ စိတ်ဖြင့် "ရေ ရေ" ဟု ရှုမှတ်ရမည်။ ပထဝီကသိုဏ်း၌ ပြဆိုခဲ့သည့်အတိုင်း ပြင်ပ၌ မျက်မြင်ရေကသိုဏ်းဝန်းနှင့် တစ်ထပ်တည်း တူသောဥဂ္ဂဟနိမိတ် ထင်လာအောင်ရှုမှတ်ရမည်။ ယင်းဥဂ္ဂဟနိမိတ်သည် လှုပ်ရှားသည့် လှိုင်းငယ်များ ပလုံစီများ ပါနေတတ်သည်။ ဆက်လက်၍ ရှုသောအခါ ပဋိဘာဂနိမိတ်အဆင့်သို့ တက် လှမ်း သွားသည်။ ယင်းပဋိဘာဂနိမိတ်သည် လှုပ်ရှားခြင်းမရှိ၊ ရေပူပေါင်း ပလုံစီမရှိ၊ အလွန်ငြိမ်သက်လျက် ဥဂ္ဂဟနိမိတ်ထက်သာလွန်၍ ကြည်လင်၏။ မှန်ညိုကဲ့သို့ အလွန်ကြည်လင်၏။ ဤရေကသိုဏ်းမှာလည်း ပြဆိုပြီးသည့်အတိုင်း ဈာန်ငါးပါးလုံး ဖြစ်စေနိုင်၏။

တေဇောကသိုဏ်းရှုနည်း

ရှေးက အားထုတ်ခဲ့ဘူးသော အထုံ၊ ဝသီ၊ ပါရမီ ရှိသူတို့မှာ တေဇောကသိုဏ်းဝန်း သီးခြားစီမံရန်မလို၊ ပကတိရှိနေသော မီးပုံး၊ မီးကြီး၊ မီးတောက်၊ ဆီမီးကိုပင် ကြည့်ရှု၍ အာရုံယူနိုင်သည်။ ရှေးဘဝက ဆုတောင်း မှု မရှိခဲ့လျှင် မီးတောက်၊ မီးလျှံ (သို့မဟုတ်) မီးကျီးစုကို မျက်နှာမပူလောက်သော အကွာအဝေး၌ထား၍ ကြည့်ရှု၍ အာရုံယူနိုင်သည်။ ရှေးဘဝက ဆုပန်မှု အဓိကာရ မရှိခဲ့လျှင် မီးတောက်၊ မီးလျှံ (သို့မဟုတ်) မီးကြီးစုကို မျက်နှာမပူလောက်သော အကွာအဝေး၌ထား၍ ကြည့်ရှုရမည်။ (သို့မဟုတ်) ဖျာ, သင်းဖြူး, ရိုင် စသည်ကို တထွာလောက် အပေါက်ဖောက်၍ ထိုအပေါက်မှတဆင့် မီးတောက်မီးလျှံကို ကြည့်ရှု၍ "မီး မီး" ဟု ပရိကမ်ပြုရမည်။ မီးကသိုဏ်း၌ ဥဂ္ဂဟနိမိတ်သည် ပြင်ပတွင် ပကတိရှိသော မီးပုံမီးတောက် မီးလျှံအတိုင်း အခိုးအငွေ့နှင့် ထင်းချောင်းများ၊ မီးခဲများကို မြင်နေရသည်။ ပဋိဘာဂနိမိတ်အဆင့်သို့ ရောက်သောအခါ၌မူ မီးကသိုဏ်းနိမိတ်သည် အခိုးအငွေ့ အရှိန်ကင်းလျက် လှုပ်ရှားမှုမရှိ၊ မီးခဲထင်းစမရှိ ငြိမ်သက်စွာ ထင်မြင်လာ ၏။ ဆက်လက်၍ ပထဝီကသိုဏ်းပွားနည်းအတိုင်း ဈာန်ငါးဆင့်လုံးကိစ္စပြီးစီးအောင် ပွားများအားထုတ်ရမည်။

ဝါယောကသိုဏ်းရှုနည်း

ဝါယောကသိုဏ်းကိုလည်း ရှေးအတိတ်ကာလ အထုံ ဝသီ ပါရမီ မရှိခဲ့လျှင် ပကတိကောင်ကင် ပြင်မှာ တိုက်ခတ်သောလေကို ကြည့်၍ နိမိတ်ရအောင် ယူနိုင်ပါသည်။ ပါရမီမရှိသော ပုဂ္ဂိုလ်များမှာ လေတဖြတ်ဖြတ် တိုက်ခတ်၍ လှုပ်ရှားနေသော မြက်ပင်ဖျား၊ ပြောင်းပင်ဖျား၊ ကြံပင်ဖျား၊ ဝါးရုံပင်ဖျား၊ သစ်ကိုင်းဖျား၊ လက်လေးသစ်မျှလောက်ရှည်သော ဆံတိုဆံပင်ဖျား၌ လေတဖြတ်ဖြတ် တိုက်ခတ်လှုပ်ရှား နေသည်ကို ကြည့်ရှုမှတ်သားရမည်။ စိတ်ထဲက "လေ လေ" ဟု နှလုံးသွင်းရမည်။ လေကို သတိသညာဖြင့် မှတ်သားရမည်။ လေတိုက်ထဲ၌ ကိုယ်ကာယကို လေတိုက်ခံ၍ လေထိခံရသောနေရာ၌ လေဟု နှင့်သွင်း၍ သတိသညာဖြင့် မှတ်သားရမည်။ လေကသိုဏ်း၏ ဥဂ္ဂဟနိမိတ်မှာ ရေများကဲ့သို့လည်းကောင်း၊ မီးခိုးကဲ့သို့ လည်းကောင်း စီးသွားပြေးလွင့်သော အခြင်းအရာအားဖြင့် လှုပ်ရှားလျက် ထင်တတ်၏။ ပဋိဘာဂနိမိတ်မူကား မလှုပ်မရှား ငြိမ်သက်စွာထင်၏။

နီလကသိုဏ်းရှုနည်း

ရှေးဘဝ နီလကသိုဏ်း ပွားများအားထုတ်ဖူးသော ပုဂ္ဂိုလ်များမှာ ကသိုဏ်းဝန်းသီးခြား ပြုလုပ်ရန်မလို ဘဲ ညိုပြာရောင်ရှိသည့် အရာဝတ္ထုတခုခုကို ကြည့်ရှု၍ ပရိကမ္မနိမိတ်ပြုလုပ်နိုင်သည်။ ထိုကဲ့သို့ အထုံ၊ ပါရမီ မရှိသော ပုဂ္ဂိုလ်များမှာ သစ်သားပြားတခုကို သယ်ဆောင်၍ လွယ်ကူစေရန် ယပ်တောင်ကဲ့သို့ လက် ကိုင်ရိုးဖြင့် ပြုလုပ်ရမည်။ ယင်းသစ်သားပြားပေါ်၌ အချင်းတထွာခန့်ရှိသော စက်ဝိုင်းကို ညိုပြာရောင်ဆေး သုတ်လိမ်းရမည်။ အနားရေးကို အဖြူရောင် (သို့မဟုတ်) အနီရောင်ဖြင့် ပတ်ပတ်လည် သုတ်လိမ်းထားရမည်။ အနားပတ်ဆေးမှာ ၁/၄ လက်မ အကျယ်ရှိ လုံလောက်သည်။ ဆေးသုပ်ရာ၌ စင်းကြောင်း အစက်ပြောက်၊ အဖုအထစ် မရှိစေရ၊ ချောမွတ်နေအောင် သုတ်လိမ်းရမည်။ ဤကသိုဏ်း၌ ဥဂ္ဂဟနိမိတ်မှာ ပြင်ပရှိ ပရိကမ္မနိမိတ်နှင့် ထူးရှားမှု မရှိ၊ တူညီသည်။ ပဋိဘာဂနိမိတ်မှာ နီလာပတ္တမြားကဲ့သို့ ကြည်လင်တောက်ပ အရည်လည်နေ၍ အလွန်နှစ်လိုဖွယ် ရှိသည်။

ပီတကသိုဏ်းရှုနည်း

ရှေးဘဝ ပီတကသိုဏ်း ပွားများအားထုတ်ဖူးသော ပုဂ္ဂိုလ်များမှာ ကသိုဏ်းဝန်း သီးခြားပြုလုပ်ရန် မလိုဘဲ ရွှေဝါရောင်ရှိသည့် အရာဝတ္ထုတိုင်းကို ကြည့်၍ ပရိကံပြုလုပ်နိုင်သည်။ ထိုကဲ့သို့ အထုံပါရမီ မရှိ သော ပုဂ္ဂိုလ်များမှာ ပျဉ်ချပ်တခုပေါ်တွင် စက်ဝိုင်းပုံ အဝါရောင်ဆေးသုတ်၍ ကသိုဏ်းရှုရမည်။ "အဝါ အဝါ" ဟု စိတ်က မှတ်ရမည်။ ပဋိဘာဂနိမိတ် ထင်လာသောအခါ၌မူ ရွှေအစစ်ကဲ့သို့ အလွန်နှစ်သက်ဖွယ်အဝါရောင် ထင်လာသည်။

လောဟိတကသိုဏ်းရှုနည်း

ရှေးဘဝ လောဟိတကသိုဏ်း ပွားများအားထုတ်ဖူးသော ပုဂ္ဂိုလ်များမှာ ကသိုဏ်းဝန်း သီးခြားပြုလုပ်ရန် မလိုဘဲ အနီရောင်ရှိသည့် အရာဝတ္ထုတိုင်းကို ကြည့်၍ ပရိကံပြုလုပ်နိုင်သည်။ ထိုကဲ့သို့ အထုံပါရမီ မရှိသော ပုဂ္ဂိုလ်များမှာ ပျဉ်ချပ်တခုပေါ်တွင် စက်ဝိုင်းပုံ အနီရောင်ဆေးသုပ်ကာ "အနီ အနီ"ဟု စိတ် ထဲကမှတ်လျက် ကြည့်ရှုရမည်။ ပဋိဘာဂနိမိတ် ထင်သောအခါ ပတ္တမြာနီကဲ့သို့ ဝင်လက်တောက် ပြောင် နေသည်ကို တွေ့ရပေမည်။

သြဒါတကသိုဏ်း

ရှေးဘဝက သြဒါတသိုဏ်း ပွားများအားထုတ်ဖူးသောပုဂ္ဂိုလ်မှာ ကသိုဏ်းဝန်းသီးခြားပြုလုပ်ရန် မလိုဘဲ အဖြူရောင်ရှိသည့် အရာဝတ္ထုတစ်ခုခုကို ကြည့်ရှု၍ ပရိကမ်ပြုနိုင်သည်။ ထိုကဲ့သို့ အထုံဝသီ ပါရမီ မရှိသော ပုဂ္ဂိုလ်များမှာ ပျဉ်ချပ်တစ်ခုကို စက်ဝိုင်းပုံ အဖြူရောင်ဆေးသုပ်၍ "အဖြူအဖြူ"ဟု စိတ်ထဲကမှတ်လျက် ကြည့်ရှုရမည့်။ ပဋိဘာဂနိမိတ် ထင်သောအခါ ဖြူဖွေးဝင်းလက် တောက်ပြောင်နေသည်ကို တွေ့နိုင်သည်။

အာလောကကသိုဏ်းရှုနည်း

အိမ်မိုး၊ သို့မဟုတ် နံရံ၌ အပေါက်ဝိုင်းတစ်ခု ဖောက်ထားရမည်။ ယင်းအပေါက်မှ အလင်းရောင် ဝင်ရောက်လာ၍ ကြမ်းပြင်ပေါ် သို့မဟုတ် နံရံပေါ်၌ အလင်းကွက်ကျရောက်နေသည်ကို ကြည့်ရှု၍ စိတ် ထဲက "အလင်း အလင်း"ဟု မှတ်သားရမည်။ ညအခါတွင် လရောင်အလင်းကွက်ကို သော်လည်းကောင်း သို့မဟုတ် မီးအလင်းရောင်ကိုသော်လည်းကောင်း ကြည့်ရှု၍ "အလင်း အလင်း" ဟု ပရိကမ်ပြုရမည်။ ပဋိဘာဂနိမိတ်ထင်ပုံမှာ ယင်းအလင်းရောင်သည် သာလွန်ထူးကဲစွာ လင်းလာသည့်အပြင် အလင်းရောင်ထူထဲလာသည်။ အရောင်လုံး အရောင်ခဲကြီးကဲ့သို့ ထင်လာသည်။

အာကာသကသိုဏ်းရှုနည်း

အာကာသဆိုသည်မှာ ကောင်းကင်ဟင်းလင်းပြင်ကို ဆိုလိုသည်။ အမိုး သို့မဟုတ် နံရံကို အချင်းနှစ် ထွာခန့် ဝိုင်းဝိုင်းစက်စက် အပေါက်ဖောက်ထား ရမည်။ ယင်းအပေါက်ကိုကြည့်၍ "ကောင်းကင်ဟင်းလင်း ကောင်းကင်ဟင်းလင်း"ဟု စိတ်ထဲကမှတ်လျက် ကြည့်ရှုရမည်။ စက်ဝိုင်းမဟုတ်သော လေးထောင့်, ခြောက် ထောင့် အပေါက်များကိုလည်း ကြည့်ရှု၍ ပရိကမ်ပြုနိုင်သည်။ ပဋိဘာဂနိမိတ်ထင်ရာ၌ ကောင်းကင်ဟင်းလင်း သက်သက် ထင်မြင်တတ်သည်။

ကသိုဏ်း ၁ဝ ပါး အချုပ်

ပထဝီကသိုဏ်း၊ အာပေါကသိုဏ်း၊ တေဇောကသိုဏ်း၊ ဝါယောကသိုဏ်း ဤလေးခုကို မဟာဘူတ (မဟာဘုတ်) ကသိုဏ်းလေးခုဟု ခေါ်သည်။ နီလ, ပီတ, လောဟိတ, သြဒါတ ဤလေးခုကို ဝဏ္ဏကသိုဏ်းဟု ခေါ်သည်။ ဝဏ္ဏကသိုဏ်းလေးပါးတို့၌ မဲနက်သောအဆင်း အစိမ်းရောင်အဆင်းတို့သည် နီလကသိုဏ်း၌ အကျုံးဝင်ကုန်၏။ ထို့နည်းတူ အဝါနှင့်နီးစပ်သော အရောင်အဆင်းများကို ပီတကသိုဏ်း၌ ထည့် သွင်း အပ်၏။ အလားတူပင် အနီအဖြူနီးစပ်ရာ အရောင်များကို သင့်လျော်သလို အနီရောင်အဖြူရောင် ကသိုဏ်းမှာပင် ကသိုဏ်းမှာပင် ထည့်သွင်းရ၏။ လောက၌ မြင်မြင်သမျှ ကသိုဏ်းချည်းပင်တည်း။ နိမိတ်ရအောင် ကြည့်ရှု တတ်ရန်သာလိုသည်။

အထူးသတိပြုရန်

ကသိုဏ်း ၁ဝ-ပါးတို့တွင် မိမိနှစ်သက် ထင်မြင်လွယ်သော ကသိုဏ်းတစ်ခုခုကို ရှေးဦးစွာကြည့်ရှု ပွားများ၍ ဈာန်ငါးပါးလုံး ဖြစ်စေအပ်၏။ ကသိုဏ်းတခုတည်းမှာပင် ဈာန်ငါးပါးလုံးရပြီးမှ ကျန်သော အခြားကသိုဏ်းများကို ဆက်လက်ပွားများ အားထုတ်ရမည်။

ကသိုဏ်းတစ်ခု၌ ပဋိဘာဂနိမိတ်ထင်ပြီးလျှင် အခြားကသိုဏ်းများ၌လည်း နိမိတ်ထင်ရန်လွယ်သည်။ ပါရမီမရှိသော ပုဂ္ဂိုလ်များမှာ ပထဝီကသိုဏ်း ဝါယောကသိုဏ်း အာပေါကသိုဏ်း နိမိတ်ထင်ရန် ခက် သည်။ မီးကသိုဏ်းနှင့် ကောင်းကင်ကသိုဏ်းတို့သည် နိမိတ်ထင်ရန် လွယ်၏။ ဝဏ္ဏကသိုဏ်းလေးပါးမှာ ပို၍ လွယ်၏။

အဖြူရောင်ကသိုဏ်း

ဝဏ္ဏကသိုဏ်းလေးခုအနက် အဖြူရောင် သြဒါတ ကသိုဏ်းသည် အစကနဦး အားထုတ်သော ပုဂ္ဂိုလ်အား ထိနမိဒ္ဓကို ကင်းကွာစေနိုင်သည်။ စိတ်ကို ကြည်လင်စေတတ်၏။ ဉာဏ်ကိုထက်မြက်စေ၏။ ပဋိဘာဂနိမိတ်ကို မရမီကြားကာလ၌ပင် အထည်အဝတ္ထုအဆင်းဟူသမျှကို အလိုရှိတိုင်း မြင်စေနိုင်၏။ အလွန်တန်ခိုးအာနုဘော်ကြီးသော ကသိုဏ်းဖြစ်၏။ ကသိုဏ်း ၁ဝ-ပါးတွင် အမြတ်ဆုံးအသာဆုံးဖြစ်၏ ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် လက်ဖြစ်တတွက်ကာလမျှ အချိန်ရပါလျှင် အဖြူရောင် သြဒါတကသိုဏ်းကို ပွားများသင့်ကြပေသည်။

(ဤကသိုဏ်းရှုနည်းအကျဉ်းကို ဗုဒ္ဓဘာသာလက်စွဲကျမ်းမှ ကူးယူးဖော်ပြပါသည်။ ကသိုဏ်းရှုနည်း အကျယ်သိလိုမူ မဟာစည်ဆရာတော်၏ ဝိသုဒ္ဓိမဂ်မြန်မာပြန် ပဌမတွဲ (နှာ၃၆ဝ-၅၄၉)ကို ကြည့်ရှုလေ့လာပါ)