အကုသိုလ်စိတ် ၁၂-ပါး

(က) လောဘမူစိတ် ၈-ပါး

စကားလုံးရှင်းလင်းချက်

လိုချင်မှု, တက်မက်မှု, သာယာမှု, ကြိုက်မှု, ကြေနပ်မှု သဘောကို လောဘဟု ခေါ်သည်။ လောဘကို အခြေခံ၍ ဖြစ်သောစိတ်ကို လောဘမူစိတ်ဟု ခေါ်သည်။ ပျော်ရွင်ဝမ်းမြောက်မှုကို သောမနဿသဟဂုတ်ဟု ဆိုသည်။ အတွေးအမြင် အယူအဆ မှားယွင်းမှုကို ဒိဋ္ဌိဂတသမ္ပယုတ် ဟုဆိုသည်။ အတွေးအမြင် အယူအဆ မမှားယွင်းမှုကို ဒိဋ္ဌိဂတဝိပ္ပယုတ် ဟု ဆိုသည်။ စိတ်အားထက်သန််စွာ ပြုလုပ်မှုကို အသင်္ခါရိက ဟု ဆို သည်။ စိတ်မပါတပါ ပြုလုပ်မှုကို သသင်္ခါရိက ဟု ဆိုသည်။ ပျော်လည်းမပျော်, စိတ်လည်းမညစ်သော စိတ်မျိုးကို ဥပေက္ခာသဟဂုတ်စိတ်ဟု ဆိုသည်။

လောဘမူစိတ် ၈-ပါးဖြစ်ပုံ

(နှစ်သက်ဝမ်းမြောက်လျှင် သောမနဿ, ဝမ်းမမြောက်လျှင် ဥပေက္ခာ, သံသရာပြစ်ရှိမှန်းသိလျှင် ဒိဋ္ဌိဂတ ဝိပ္ပယုတ်, သံသရာပြစ်မရှိဟုယူလျှင် ဒိဋ္ဌိဂတသမ္ပယုတ်, အားတက်သရောရှိလျှင် အသင်္ခါရိက, မရှိလျှင် သသင်္ခါရိက)

ဟောပြောတဲ့အခါ, ညွှန်ကြားတဲ့အခါ, နားထောင်တဲ့အခါ, မိစ္ဆာအယူအတိုင်း လုပ်ကိုင်ဆောင်ရွက်တဲ့အခါ, တက်တကြွ်ကြွက ရွှင်လမ်းဝမ်းမြောက်စွာ ဖြစ်လျှင် လောဘ မူ သောမနဿ ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်ဖြစ်သည်။

(သင်္ဂြိုဟ်ဘာသာဋီကာ၂၈-၄ဝ)

မိစ္ဆာဒိဋ္ဌိအယူဝါဒကို မိစ္ဆာအယူတခုကို စွဲလမ်းပြီးတော့ပဲဖြစ်ဖြစ်, အတ္တစွဲ, သဿတစွဲ, ကံ ကံ၏အကျိုးမရှိဆိုတဲ့ အစွဲနဲ့ပဲဖြစ်ဖြစ်, အစွဲအလမ်းတခုကို စွဲလမ်းပြီးတော့ လိုချင်တဲ့စိတ်ဖြစ်ရင် လောဘမူဒိဋ္ဌိဂတသမ္ပယုတ်စိတ် ဖြစ်သည်။

(မဟာစည်ဆရာတော် အဘိဓမ္မာတရားတော် ၂၈၇-၂၈၈)

(ခ) ဒေါသမူစိတ် ၂-ပါး

*၁။ ဒေါနမဿသဟဂုတ် ပဋိဃသမ္ပယုတ် အသင်္ခါရိကစိတ် *၂။ ဒေါနမဿသဟဂုတ် ပဋိဃသမ္ပယုတ် သသင်္ခါရိကစိတ်

စကားလုံးရှင်းလင်းချက်

မကြေနပ်မှု, စိတ်ဆိုးမှု, စိုးရိမ်မှု (သောက), ကြောက်မှု, ပျင်းရိမှု တို့ကို ဒေါသဟုဆိုသည်။ ဒေါသကို အခြေခံ၍ ဖြစ်သောစိတ်ကို ဒေါသမူစိတ်ဟု ဆိုသည်။ စိတ်မချမ်းသာမှုကို ဒေါမနဿဟုဆိုသည်။ ဒေါသ နှင့် ပဋိဃသည် အတူတူပင်။ ဒေါသနှင့်အတူဖြစ်သောစိတ်ကို ပဋိဃသမ္ပယုတ်ဟုဆိုသည်။

ဒေါသမူစိတ် ၂-ပါး ဖြစ်ပုံ

ပါဏာတိပါတ-သတ်ဖြတ်မှုသည် ဒေါသမူစိတ်ဖြင့် ဖြစ်၏။ ထို့ကြောင့် တိုက်တွန်းမှု သင်္ခါရမပါဘဲ အား တက်သရော သတ်ဖြတ်ရာ၌ ပထမ ဒေါသမူစိတ်ဖြစ်၏။ တိုက်တွန်းသည့်အတွက် အားတက်သရောမရှိ, မသတ်ချင့် သတ်ချင် သတ်ရာ၌ ဒုတိယစိတ်ဖြစ်သည်။ အသေမသတ်ဘဲ ညှဉ်းဆဲရုံ ညှဉ်းဆဲရာ၌လည်း ဤနည်းပင်တည်း။

ဒေါသမှုသသင်္ခါရိကစိတ်ဖြစ်ပုံ

သူတပါးက တိုက်တွန်း၍ စိတ်ဆိုးရာလျှင်လည်းကောင်း, သူတပါးက စိတ်ဆိုးစရာများ သိအောင် ပြောပြရာ၌လည်းကောင်း, သူတပါးက မတိုက်တွန်းရဘဲ မိမိအပေါ်၌ သူတပါးပြုအပ်သော အပြစ်ကို တွေး၍ စိတ်ဆိုးသောအခါ၌လည်းကောင်း ဒေါသမူသသင်္ခါရိကစိတ်ဖြစ်သည်။

(အဋ္ဌသာလိနီဘာဋီ-တ-၂၆၃)

(ဂ) မောဟမူစိတ် ၂-ပါး

စကားလုံးရှင်းလင်းချက်

ရတနာသုံးပါး, ကံနှင့် ကံ၏အကျိုး, ပဋိစ္စသမုပ္ပါဒ် စသည်တို့၌ သံသယဖြစ်သော စိတ်ကို ဝိစိကိစ္ဆာသမ္ပယုတ်စိတ်ဟု ခေါ်သည်။ သိစရာအာရုံ တခုအပေါ်၌ မတည်တံ့နိုင်ပဲ ပျံ့လွင့်နေသောစိတ်ကို ဥဒ္ဓစ္စသမ္ပယုတ်စိတ်ဟု ခေါ်သည်။

မောဟမူစိတ် ၂-ပါး ဖြစ်ပုံ

ဘုရားရှင်သည် ကမ္ဘာလောကကို မဖန်ဆင်းနိုင်လျှင် ဘုရားအစစ် ဖြစ်နိုင်ပါ့မလားဟု စဉ်းမိသောအခါ, တရားထိုင်လျှင် နိဗ္ဗာန်ရောက်သည် ဆိုတာ ဟုတ်ပါ့မလား, နိဗ္ဗာန်ဆိုတာ ရှိမှရှိပါရဲ့လားဟု စဉ်းစားမိသောအခါတို့၌ ပထမမောဟမူစိတ်ဖြစ်သည်။ စိတ်ပျံ့လွင့်သောအခါ ဒုတိယမောဟမူစိတ်ဖြစ်သည်။

အကုသိုလ် ၁၂ ပါးနှင့် ဆိုင်ရာ သိမှတ်ဖွယ်ရာများ

သောမနဿဖြစ်ကြောင်း

ဥပေက္ခာဖြစ်ကြောင်း

မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း

သင်္ခါရ

ပြုပြင်စီမံခြင်း, စိတ်ဖြစ်ပေါ်အောင်စီမံခြင်းကို သင်္ခါရဟုဆိုသည်။ ၄င်းသည် မိမိ၏ ကာယပယောဂ, ဝစီပယောဂ, မနောပယောဂနှင့် သူတစ်ပါး၏ ကာယပယောဂ, ဝစီပယောဂဟု ၅မျိုးရှိ၏။ အမှုကိစ္စ ပြုလုပ်ရန် ပျင်းရိနေချိန်ဝယ် အကျိုးအပြစ်ဆင်ခြင်ပြီး လုပ်ချင်စိတ်ပေါ်အောင် အာယူခြင်းကို (မိမိ-မနော) စိတ်အားတက်စရာ စာရွတ်၍ ပြုလုပ်ခြင်းကို(မိမိ-ဝစီ) ကိုယ်လက်လှုပ်ရှား၍ စိတ်က်သန်အောင်ပြုလုပ်ခြင်းကို (မိမိ-ကာယ) အမှုကိစ္စပြုလုပ်ရန် သူတစ်ပါး၏ လက်ဟန်ခြေဟန်ဖြင့် စေခိုင်းခြင်း, နှုတ်ဖြင့်တိုက်တွန်ခြင်း ကို (သူတပါး-ကာယပယောဂ, ဝစီပယောဂ)ဟု ဆိုသည်။

အသင်္ခါရိကဖြစ်ကြောင်း

သသင်္ခါရိကဖြစ်ကြောင်း။ ဆန့်ကျင်ဘက်အကြာင်းများ

မောဟမူစိတ် ဥပေက္ခာဝေဒနာသာဖြစ်ရခြင်း အကြောင်း

ဤမောဟမူစိတ်၌ လောဘဒေါသဟူသော အခြားမူလတို့မယှဉ်, မောဟမူလတစ်ပါးသာ ယှဉ်သည်။ ထိုသို့ တစ်ပါးတည်းယှဉ်ရသော မောဟသည် လောဘမူစိတ်ကဲ့သို့ လောဘသဘောသို့လည်း မလိုက်ရောရ, ဒေါသမူစိတ်ကဲ့သို့ ဒေါသသဘောသို့လည်း မလိုက်ရောရ, မိမိသဘောအတိုင်း လွတ်လွတ်လပ်လပ် တွေဝေခွင့်ရလေသည်။ ထိုသို့ လွန်စွာ တွေဝေခွင့်ရလေသောကြောင့် ထိုမောဟနှင့်ယှဉ်သောစိတ်လည်း ဣဋ္ဌာရုံနှင့်တွေ့ကြုံစေကာမူ ဣဋ္ဌအရသာပေါ်လာအောင် အာရုံကိုမခံစားနိုင်သဖြင့် သောမနဿဝေဒနာနှင့် ယှဉ်ခွင့်မရ၊ အနိဋ္ဌာရုံနှင့်တွေ့ပြန်လျှင်လည်း အနိဋ္ဌအရသာကို ပေါ်လာအောင် မခံစားနိုင်သဖြင့် ဒေါမနဿဝေဒနာနှင့်လည်း ယှဉ်ခွင့်မရချေ၊ ဥပမာ-အရက်သောက်ကြူး၍ အမူးကြီးမူးနေသူသည် ချော့မော့ဖျောင်းဖျ သာယာဘွယ်ပြောပြသည်ကိုလည်း နားမဝင်, ဆဲဆိုငေါက်ငန်းကြမ်းတမ်းစွာ ပြော နေသည်ကိုလည်း အရေးမကြီးသကဲ့သို့တည်း။ ထဲကဲ့သို့ ဣဋ္ဌာရုံ အနိဋ္ဌာရုံကို သာယာခြင်းလည်းမရှိ, မသာယာခြင်းလည်း မရှိရကား သင့်တင့်ရုံခံစားတတ်သော ဥပေက္ခာဝေဒနာသာ ဖြစ်ရသည်။

တကြောင်းမှာလည်း ဤမောဟမူစိတ်သည် အာရုံ၌ကောင်းစွာမတည် အလီလီယုံမှားတတ်သော ဝိစိကိစ္ဆာ ပြန့်လွင့်တတ်သော ဥဒ္ဓစ္စနှင့်ယှဉ်ရကား အာရုံ၌ တည်တံ့စွာ ယူရသလောက် အရသာပေါ်အောင် မခံစားနိုင်၊ ဥပမာ-ပြေးရင်းလွှားရင်း စားရသောအာဟာရ၌ ငြိမ်သက်စွာစားရသလောက် အရသာမပေါ်သကဲ့သို့တည်း၊ ဤသို့ အကောင်းအဆိုး အာရုံ၏ အရသာနှစ်မျိုးကို ထင်ရှားအောင် မခံစားနိုင်ရကား သင့်တော်ရုံ ခံစားတတ်သော ဥပေက္ခာဝေဒနာနှင့် ယှဉ်ရလေသည်။

(သင်္ဂြိုဟ်ဘာသာဋီကာ ၄၅)

ဒုစရိုက် ၁ဝ ပါး / အကုသလကမ္မပထ ၁ဝ ပါး

၁။ ပါဏာတိပါတ = သူတပါးအသက်သတ်ခြင်း

ပါဏာတိပါတအင်္ဂါ

ဤအင်္ဂါ ၅ပါးပြည့်စုံလျှင် ကမ္မပထမြောက်၏။ (ကမ္မ=ကံ၊ ပထ=လမ်းကြောင်း၊ အပါယ် ရောက်ဖို့ရန် လမ်းကြောင်းဖြစ်သောကံ) ကမ္မပထမြောက်လျှင် အပါယ်ဘုံ၌ ပဋိသန္ဓေကျိုးကို ပေးနိုင်သော ဇနကသတ္တိ ဧကန်ရှိ၏။ ကမ္မပထမမြောက်လျှင်ကား ပဋိသန္ဓေကျိုးကို ပေးနိုင်မပေးနိုင် ကိန်းသေမဟုတ်၊ တချို့ပေးနိုင်၏, တချို့မပေးနိုင်၊ ကမ္မပထမြောက်,မမြောက်ဆုံးဖြတ်ရန် ဆိုင်အင်္ဂါ (လက္ခဏာ) စုံ မစုံကို ကြည့်ရမည်၊ ဆိုင်ရာအင်္ဂါစုံလျှင် ကမ္မပထမြောက်သည်၊ မစုံလျှင်မမြောက်။ ကုသိုလ်အရာဝယ် အိပ်မက်၌ဖြစ်သော ဇောစေတနာ, ပဉ္စဒွါရဝီထိ၌ဖြစ်သော ဇောစေတနာ, မရဏာသန္နဝီထိ၌ဖြစ်သော ဇော စေတနာ, ဤစေတနာများမှတပါး အခြားသော ကုသိုလ်စေတနာတွေမှာ အင်္ဂါညီ-မညီ စိစစ်ဘွယ်မလို အားလုံးကမ္မပထမြောက်သည်ဟု ဆိုသည်၊ သို့သော် ပဋိသန္ဓေကျိုးကိုကား အတော်ထက်သန်သော ကုသိုလ် ကံ နှင့် အထောက်အပန့် အကူအညီကောင်းကို ရသောကံကလေးများသာ ပေးစွမ်းနိုင် လိမ့်မည်။

အပြစ် အကြီး အငယ်

သတ္တဝါ အကြီးအငယ်ကို လိုက်၍၄င်း, သတ္တဝါ၏ အကျင့်သိက္ခာကို လိုက်၍၄င်း, အပြစ်အကြီးအငယ် ကွဲပြား၏။ သတ္တဝါက အကောင်အထည်ကြီးလျှင် ထိုသတ္တဝါ ဇီဝိတကလာပ် များစွာကို ဖျက်ဆီးရာကျသောကြောင့် အပြစ်ကြီး၏၊ သီလသိက္ခာရှိသူကို သတ်လျှင် ထိုသူ၏သီလဂုဏ် ကြောင့် အပြစ်ကြီး၏၊ မိဘရဟန္တာ စသည်ကိုသတ်မိလျှင် အာနန္တရိယ ကံပင်ထိုက်၏၊ အကောင် အထည် ဂုဏ်သိက္ခာချင်းတူနေလျှင် သတ်တဲ့အခါ၌ ပယောဂစိုက်မှု အားကြီးသောကံက အပြစ်ကြီးသည်။

၂။ အဒိန္နာဒါန = မပေးသော သူတစ်ပါးဥစ္စာကို ယူခြင်း

အဒိန္နာဒါနအင်္ဂါ

အပြစ်အကြီးအငယ်မှာ ဥစ္စာ၏ တန်ဖိုးလိုက်၍၄င်း, ဥစ္စာရှင်၏ သီလသိက္ခာလိုက်၍၄င်း ဖြစ်၏။

၃။ ကာမေသုမိစ္ဆာစာရ = သူများမယာ,ယောကျာ်းနှင့်ပျော်ပါးခြင်း

ကာမေသုမိစ္ဆာစာရအင်္ဂါ

အပြစ်အကြီးအငယ်မှာ သီလရှိ, မရှိ လိုက်၍ ကွာခြား၏။

အဂမနီယဝတ္ထုပေါင်း ယောကျာ်းအတွက် ၂ဝ၊ မိန်းမအတွက် ၁၂

(ဆောင်) မာ-ပိ-မာပိ, ဘနှင့်-ဘာ-ည, ဂေါ-ဓမ်-သ-သာ၊

ဓ-ဆန်-ကော-ပ, သြ-သြ-ဓ, ကမ္မ-ဒါ-မုဟာ။

ဤရှစ်ယောက်သောမိန်းမတို့သည် ကာမပိုင်ယောကျာ်းမရှိသော မိန်းမတို့တည်း။ မိမိတို့၏ ကာမ အတွေ့ကို မိမိတို့သဘောရှိ ပေးနိုင်ကြသည်။ မိဘစသည်တို့က စောင့်ရှောက်ပါသည် ဆိုသော် လည်း သူတပါးတို့မစော်ကားနိုင်ရုံသာ စောင့်ရှောက်ခြင်းဖြစ်သည်။ ကာမကို မိဘတို့မပိုင်ကြ။ သို့ဖြစ်၍ ထိုမိန်းမတို့သည် မိမိ၏ကာမကို သူတပါးအားပေးသည့်အတွက် ကာမေသုမိစ္ဆာစာရမဖြစ်။

မာတုရက္ခိတစသော ၈ယောက်သည် မိမိကာမကို သူများအား ပေးသော်လည်း မိစ္ဆာစာရမဖြစ်။ သာရက္ခ စသော ၁၂ယောက်ကား မိမိယောကျာ်းမှတပါး အခြားယောကျာ်းကို ပေးလျင် မိစ္ဆာစာရဖြစ်၏။ ယောကျာ်းတို့မှာ ကိုယ်ပိုင်မယားမှတပါး မာတုရက္ခိတစသော (အပျို အအို) ၂ဝ လုံးကို ကျုးလွန်ရာ၌ မိစ္ဆာစာရ ဖြစ်ကြသည်။

အချုပ်မှတ်ရန်

(မသွားလာအပ်သော ဝတ္ထုဆိုသည်မှာ ခေတ္တဖြစ်စေ အမြဲဖြစ်စေ ကာမပိုင်လင်ရှိသော မိန်းမတမျိုး၊ ကာမပိုင်လင် မရှိသော်လည်း မိဘဆွေမျိုး အိမ်နီးချင်းမိတ်ဆွေ စသည့် တစုံတယောက် စောင့်ရှောက်သော သူရှိသော မိန်းမတမျိုး၊ ယင်းနှစ်မျိုးလုံး ယောကျာ်းတို့ မသွားလာအပ်သော ဝတ္ထုမည်၏။

မိမိပိုင်သောမယား၊ ပိုင်သူစောင့်ရှောက်သူတို့က ခွင့်ပေးသောမိန်းမ၊ ပိုင်သူစောင့်ရှောက်သူမရှိ လွှတ် ထားသော အရူးမ၊ ဤမိန်းမသုံးယောက်တို့ကား မသွားလာအပ်သောဝတ္ထု မဟုတ်ကုန်။ မိန်းမတို့မှာကား ကာမပိုင်လင်ရှိသော မိန်းမတို့မှာသာ မိမိတို့ကာမကို မိမိတို့ မပိုင်သောကြောင့် မိမိလင်မှတပါး တိရိစ္ဆာန် ယောကျာ်းပင်ဖြစ်စေ ယောကျာ်းတပါးနှင့် သွားလာက ကာမေသုမိစ္ဆာစာရကံ ထိုက်သည်။ ကာမပိုင်လင် မရှိသောမိန်းမတို့မှာ မိမိတို့ကာမကို စောင့်ရှောက်သောသူမပိုင်, မိမိတို့သာ ပိုင်သောကြောင့် ယောကျာ်းတပါး နှင့် သွားလာသော်လည်း ကာမေသုမိစ္ဆာစာရကံ မထိုက်)

(ပရမတ္ထစက္ခုကျမ်း-၂၁ဝ)

အမှတ်မှား၍ သွားလာမိရာ၌ မှတ်သားဖွယ်

လယ်ဆယ်သည့်အတွက် ညည့်မိုက်သည့်အတွက် သူ့မယားကို မိမိမယားထင်မှတ်၍ မှီဝဲသော ယောကျာ်း၊ မိမိလင်ထင်မှတ်၍ သည်းခံသာယာသော မိန်းမတို့မှာ ကာမေသုမိစ္ဆာစာရကံ ထိုက်သည်ဟု ယူဆကြသည်။ ပရပတ္ထစက္ခုကျမ်းပြု ဒီပဲရင်းဆရာတော်ကား လွန်ကျူး၍ ကျင့်လိုသော စိတ်ယုတ်စိတ်ညစ် မရှိသောကြောင့်လည်းကောင်း, ဤသို့သောအရာ၌ သောတာပန်ပုဂ္ဂိလ်တို့သော်လည်း လွတ်နိုင်ဖွယ် မရှိသောကြောင့်လည်းကောင်း ကမ္မပထအရာ၌ ဧကန်ပဋိသန္ဓေအကျိုးကို ပေးနိုင်လောက်သော အားသန်သော ကံအထူးကိုသာ ရွေးချယ်၍ ဟောတော်မူသောကြောင့်လည်းကောင်း ကမ္မပထမမြောက်ဟု ယူဆသည်။

(ပရမတ္ထစက္ခုကျမ်း)

ယောကျာ်းအချင်းချင်း၌မှတ်ဖွယ်

ယောကျာ်းအချင်းချင်းသော်လည်း ဝစ္စမဂ် မုခမဂ်တို့၌ သွားလာကျုးလွန်လျှင် ကာမေသုမိစ္ဆာစာရ ဖြစ်၏ဟု ဆရာကြီးတို့ အလိုရှိတော်မူကြ၏။ ထုံးစံဓမ္မတာဖြစ်၍ မိန်းမကို ကာမေသုမိစ္ဆာစာရဝတ္ထု အထည် ကိုယ် ဆိုရသည်။ ယောကျာ်းကိုလည်း ကာမေသုမိစ္ဆာစာရ အထည်ကိုကြီးဟူ၍လည်း ဆိုသင့်၏ဟု သဘောနှစ်သက်တော်မူကုန်၏။

(ပရမတ္ထသံခိပ်ဋီကာ-၁ဝ၄)

၄။ မုသာဝါဒ = လိမ်ခြင်း

မုသာဝါဒအင်္ဂါ၄ပါး

အင်္ဂါလေးပါးတွင် လိမ်သည့်အတိုင်းယုံကြည်ခြင်းလည်း ပါ၏။ ထို့ကြောင့် လိမ်သော်လည်း သူတစ်ပါးက မယုံလျှင် ကမ္မပထမမြောက်၊ ယုံလည်းယုံ, ယုံ၍ တစ်စုံ တခုသော ကိစ္စအတွက် အကျိုး စီးပွားလည်းပျက်မှ ကမ္မပထမြောက်သည်၊ မင်းလည်းစိတ်ချမ်းသာအောင် လူတဖက်သားလည်း ရာဇဝတ်မှုလွတ်အောင် လိမ်၍ပြောဆိုရာ, မိမိပစ္စည်းကို တောင်းလာရာ၌ ရှိပါ လျက် မရှိဟု ပြောဆိုရာ, သံသုမာရဇာတ်၌ အလောင်းတော်မျောက်၏ မိကျောင်းအား လှည့်ပတ်ရာတို့၌ မုသာဝါဒဖြစ်သော်လည်း သူတပါးအကျိုးမပျက်သောကြောင့် ကမ္မပထမမြောက်။

(ဒုဗ္ဘိက္ခအခါ၌လည်းကောင်း, ရောဂါရောက်၍ ရောဂါပျောက်စေခြင်းငှါလည်းကောင်း ရဟန်းတော်တို့ အား မအပ်သော ခွေးသား, မြင်းသား, ဆင်သားတို့ကို နွားသား ကျွဲသားပါ ဘုရား, ဆိတ်သား, သမင်သားပါ ဘုရား-ဟု ချမ်းသာစေလို၍ လျှောက်ထားသည်ကို ယုံကြည်၍ ဘုန်းပေးသော ရဟန်းအား အပြစ်မရှိ။ လျှောက်ထားသူ ဒါယကာအား မုသားမဖြစ်၊ ကုသိုလ်သာ ဖြစ်သည်ဟူ၍ မဇ္ဈိမဏ္ဏာသအဋ္ဌကထာ၌ ဆို၏။ သိက္ခာပုဒ်ကို ခံယူသူတို့မှာ ၁၊ မမှန်ချွတ်လွဲသော စကားကို ပြောဆိုလိုသောစိတ် ၂၊ ပြောဆိုမိခြင်း ဤအင်္ဂါနှစ်ပါးနှင့် စုံညီလျှင် မုသာဝါဒဖြစ်၍ သီလပျက်၏) (ပရမတ္ထစက္ခု-၂၁၁)

၅။ ပိသုဏဝါစာ = ရန်တိုက်ပေးခြင်း

ပိသုဏဝါစာအင်္ဂါ ၄ပါး

ပိသုဏဝါစာဟူသည် သူတပါးအပြစ်ကို အမှန်အတိုင်းပြော၍ ရန်တိုက်မှုကို ဆိုသည်။ အမှန်မဟုတ်လျှင် မုသာဝါဒလည်း ဖြစ်သည်။ ရန်တိုက်၍ ကွဲပြားမှ ကမ္မပထမြောက်သည်၊ မကွဲပြားလျှင် ကံသာထိုက်သည်။

၆။ ဖရုသဝါစာ = ယုတ်ယုတ်မာမာ ပြောဆိုမှု

ဖရုသဝါစာအင်္ဂါ၃ပါး

"အနာပေါ်တုတ်ကျ"သကဲ့သို့ နာဘွယ်ကောင်းသော အချက်တို့ကို ထိခိုက်အောင် ပြောဆိုကြောင်း, ပြုလုပ်၍ ပြကြောင်းဖြစ်သော တကယ်ကြမ်းတမ်းသော စေတနာသာလျှင် ဖရုသဝါစာကမ္မပထမြောက်သည်၊ ထိုကဲ့သို့ စေတနာက ကြမ်းတမ်းနေပါလျှင် စကားသံနူးညံ့သော်လည်း ဖရုသဝါစာပင်ဖြစ်သည်၊ တရားသူကြီးက သတ်ဖို့ရန်အမိန့်ချရာ၌ ပြုံးရွှင်သောမျက်နှာဖြင့်"ဤရာဇဝတ်သားကို ချမ်းသာစွာ သိပ်ထားလိုက်ကြ"ဟူသောစကားသည် သိမ်မွေ့ချိုသာသော်လည်း အတွင်းစေတနာက လွန်စွာ ကြမ်းသော ကြောင့် ဖရုသဝါစာကမ္မပထမြောက်ရသည်၊ ဆရာမိဘတို့က တပည့်သားသမီးများကို ကြမ်းကြမ်းတမ်းတမ်း ငေါက်ငန်းဆဲဆိုရာ၌ကား နှုတ်ထွက်ကြမ်းသော်လည်း စိတ်စေတနာမှာ လွန်စွာ အကျိုးလိုလားသောကြောင့် ဖရုသဝါစာမဖြစ်နိုင်၊ တောသို့မသွားစေလိုဘဲ အတင်းထွက်သွားသော သားကို မိခင်က "တောကျွဲမကြီး ခတ်သတ်လို့ သေပါစေဟယ်"ဟု ကြိမ်ဆဲရာ၌ ယုတ်ကြမ်းသောစေတနာဖြင့် ကြိမ်ဆဲခြင်းမဟုတ်သောကြောင့် ဖရုသဝါစာမဖြစ်ကြောင်း ကို ကျမ်းဂန်များက ဆိုသည်။ ဆဲဆိုသောခဏ၌ တကယ်စိတ်ဆိုး၍ ဆဲဆိုလိုက်ရိုးမှန်လျှင်ကား အင်္ဂါသုံးပါးညီညွတ်သောကြောင့် အပြစ်မကြီးသော်လည်း ကမ္မပထမြောက်နိုင် သည်။

၇။ သမ္ဖပ္ပလာပ = အကျိုးမဲ့စကားပြောခြင်း

သမ္ဖပ္ပလာပအင်္ဂါ၂ပါး

ပင်ကိုယ်ကလည်း မဟုတ်မမှန်သော အကြောင်းအရာကို စီးပွားချမ်းသာပျက်ရုံ (အမှားမှား အယွင်းယွင်း မှတ်ထင်ရုံ) ပြောမှ သမ္ဖပ္ပလာပဖြစ်သည်၊ ပင်ကိုယ်က မဟုတ်မမှန်သော်လည်း အကျိုးရှိအောင် ဥပမာသဘောမျိုးဖြင့် ကြံဆောင်ရေးသား ပြောဆိုမှုများကား သမ္ဖပ္ပလာပ မဖြစ်၊ အကျိုးပင်မရှိသော်လည်း ဟုတ်မှန်သော အကြောင်းအရာကို အရပ်စကားအနေဖြင့် ပြောဆိုမှုများလည်း သမ္ဖပ္ပလာပ မဟုတ်။

အကျိုးမရှိ အကြောင်းမရှိသော စကားလေ စကားလွင့်တို့ကို သူတပါးတို့အား သိစေတတ်သော ကာယပယောဂ, ဝစီပယောဂကို ဖြစ်စေတတ်သော ယုတ်မာသော စေတနာဖျင်းသည် သမ္ဖပ္ပလာပ မည်၏။ အဓိပ္ပါယ်အားဖြင့်- လက်ရှိဘဝ အကျိုးစီးပွား တမလွန်ဘဝ အကျိုးစီးပွားအတွက် အထောက်အကူမပြုနိုင် သော အပျင်းပြေ အချိန်ကုန်ရုံ ပြောသောစကားများကို သမ္ဖပ္ပလာပ စကားများဟု မှတ်ပါ။ ထိုသမ္ဖပ္ပလာပသည် သီတာဒေဝီကို ဒသဂီရိ ယူဆောင်ခြင်းစသော မဟုတ်မဟတ် ကြံစည်၍ ဆန်းဆန်းကြယ် ကြယ် ပြောဆိုအပ်သော စကားမျိုးတို့၌သာလျှင် သမ္ဖပ္ပလာပ ကမ္မပထ မြောက်သည်။ ဟုတ်မှန်သော ဇာတ် ဝတ္ထုများကို ပြောဆိုရာ၌၄င်း လောက၌ အဟုတ်အမှန်ဖြစ်ပေါ်သော ဆန်းကြယ်သော အရာဌာနများကို ပြောဆိုရာ၌၄င်း ကမ္မပထ မမြောက်။ မဟုတ်မမှန်သော ဝတ္ထုကို ပြောဆိုသော်လည်း နားထောင်သော သူတို့က အဟုတ်အမှန်အားဖြင့် ယုံကြည်ပါမှ ကမ္မပထမြောက်၏။ မယုံကြည်လျှင် ကမ္မပထမမြောက်။ မဟုတ်သော ဝတ္ထုဆန်းများကို အဆန်းတကြယ်ပြောမှုကြောင့် သမ္ဖပ္ပလာပကံမျှသာ ဖြစ်၏။

ထိုပြင် ရာဇကထာ စောရကထာ စသော သုံးဆယ့်နှစ်ပါးသော တိရိစ္ဆာနကထာတို့ကို ပြောကြားရာ တို့၌လည်း သမ္ဖပ္ပလာပ ကမ္မပထ မမြောက်။ ကံမျှသာ ဖြစ်၏။ ထိုရာဇကထာ စသည်ကို သာယာသော အားဖြင့် အားပါးတရ ဝမ်းမြောက်ဝမ်းသာ ပြောဆိုမှသာ သမ္ဖပ္ပလာပ ကံမြောက်သည်။ ထိုသို့မဟုတ်ပဲ အကျိုးနှင့်စပ်၍သော်၄င်း အကြောင်းနှင့် စပ်လျဉ်း၍သော်၄င်း ပြောဆိုရာ၌ သမ္ဖပ္ပလာပကံ မဖြစ်။ အကျိုး ရှိသော စကားပင် ဖြစ်၏။ သူတပါးတို့ကို ပြောဆိုဆုံးမရာ၌ ရှေးကဖြစ်ဘူးသော ဝတ္ထုသက်သေကို ပြော ပြ၍ အကျိုးသင့် အကြောင်းသင့် ညွှန်ကြားခြင်းမည်သည် သူတော်ကောင်းတို့၏ ထုံးစံဓမ္မတာပေတည်း။ ဤသမ္ဖပ္ပလာပသည် များစွာ အချိန်ကို ဖြုန်းတီး၍ ပစ်တတ်ချေသည်။ အကျိုးစီးပွားကိုလည်း ဖျက်စီးတတ်ချေသည်။ မြတ်စွာဘုရားတို့သည် သမ္ဖပ္ပလာပ၏ အပြစ်ကို များစွာ မြင်တော်မူလေသည်။ ထို့ ကြောင့်ပင် " ရဟန်းတို့ သင်တို့သည် နှစ်ဦးနှစ်ယောက် တွေ့ဆုံမိကြသော် တရားစကားကို ပြောဆိုပြီး နေသင့်၏၊ သို့မဟုတ် စကားမပြောဘဲ တိတ်တိတ် နေသင့်၏" ဟု မိန့်တော်မူလေသည်။

(ပရမတ္ထသံခိပ်ဋီကာ-၁၁၆)

၈။ အဘိဇ္ဈာ = သူတပါး၏ စည်းစိမ်ကို ဝယ်ယူငှားရန်းလိုစိတ်နှင့်မဟုတ်ဘဲ ကိုယ့်ဥစ္စာဖြစ်ရင် ကောင်း မှာဘဲဟုမတရားလိုချင်မှု

အဘိဇ္ဈာ၏အင်္ဂါနှစ်ပါး

သူတပါးပစ္စည်းကို လိုချင်ရုံမျှဖြင့် ကမ္မပထမမြောက်သေး၊ ရဟန်းဖြစ်လျှင် သူများသပိတ် သင်္ကန်းကျောင်းစသည်ကို မြင်၍, လူဖြစ်လျှင် သူများအိမ်လယ်ယာရွှေငွေ စသည်ကို မြင်၍ "ထိုသူ့ ဥစ္စာ သည် ငါဥစ္စာ ဖြစ်ပါမူ ကောင်းလေစွ"ဟု မိမိသို့ ညွတ်စေသော မတရားလောဘသည်သာ အဘိဇ္ဈာသည်် သာ ကမ္မပထမြောက်သည်၊ တောင်း၍ ငှား၍ ဝယ်၍ ယူလိုခြင်း, သို့မဟုတ် ထိုစည်းစိမ်နှင့် အလားတူ စည်းစိမ်မျိုးကို လိုချင်ခြင်းမှာ လောဘသာမာန်ဖြစ်၏၊ ကမ္မပထမမြောက်။

၉။ ဗျာပါဒ = တိရိစ္ဆာန်ကိုဖြစ်စေ လူကိုဖြစ်စေ ဒီကောင် သေရင်ကောင်းမှာဘဲဟု သူတပါးပျက်စီးစေလိုသော အကြမ်းစား ဒေါသဖြစ်ဖြင်း

ဗျာပါဒအင်္ဂါ နှစ်ပါး

ဒီအကောင်တော့ သေရင်အေးတာပဲ၊ ဘယ်တော့များသေပါ့မလဲ ဒီအကောင် ပျက်စီးအောင် ဘယ်လို များ လုပ်ရပါ့မလဲ စသည်ဖြင့် ပိုးမွှားတိရိစ္ဆာန်တွေကို ဖြစ်စေ၊ လူကိုဖြစ်စေ သတ္တဝါတစ်ဦးဦးကို သေကြေ ပျက်စီးလိုသော အကြမ်းစာဒေါသသာလျှင် ကမ္မပထမြောက်သည်၊ သူတပါးအပေါ်မှာ စိတ်ဆိုးရုံ သက် သက်ကား ကမ္မပထ မမြောက်။

၁ဝ။ မိစ္ဆာဒိဋ္ဌိ = သူတော်သူမြတ်တို့ ဟောဖော်ပညတ်အပ်သော တရားမှန်ကို မလိုက်နာဘဲ မှားယွင်း ဖောက်ပြန် မမှန်မကန် သိမြင်မှု

မိစ္ဆာဒိဋ္ဌိအင်္ဂါ

ဤမိစ္ဆာဒိဋ္ဌိသည် ရုပ်ဝေဒနာ သညာ သင်္ခါရဝိညာဏ်ဟူသော ခန္ဓာငါးပါးတွင် တပါးပါး၌ အတ္တဟု စွဲလမ်းတတ်သော သက္ကာယဒိဋ္ဌိ၊ သီလက္ခန်ဗြဟ္မဇာလသုတ်စသည်၌လာသော ၆၂ပါးသော မိစ္ဆာဒိဋ္ဌိ၊ သာမညဖလ သုတ်၌ လာသော နတ္ထိကစသော ဒိဋ္ဌိအားဖြင့် အလွန်များ၏၊ ထိုတွင် နတ္ထိကဒိဋ္ဌိ အဟေတုကဒိဋ္ဌိ အကြိယဒိဋ္ဌိ ဤသုံးမျိုးသာ ကမ္မပထမြောက်သည်၊ ကြွင်းဒိဋ္ဌိများမှာ ဒိဋ္ဌိသာမန်သာတည်း။

နတ္ထိကဒိဋ္ဌိ

ပေးလှူခြင်းသည်အကျိုးမရှိ, ကံ၏အကျိုးမရှိစသည်ဖြင့် အကျိုးကိုပယ်သည့်အယူ၊

အဟေတုကဒိဋ္ဌိ

သတ္တဝါတို့သည် အကြောင်းမရှိပဲ ညစ်နွမ်း၏, စင်ကြယ်၏ စသည်ဖြင့် ယူရကား အကြောင်းကို ပယ်သဖြင့် အကျိုးကို ပယ်ပြီးဖြစ်ရကား အကြောင်းအကျိုးကို ပယ်သည့်အယူ၊

အကြိယဒိဋ္ဌိ

ကောင်းမှုမကောင်းမှုကို ပြုသော်လည်း ပြုရာမရောက်ဟု အကြောင်းကို ပယ်သည့်အယူ(အကြောင်းကို ပယ်က အကျိုးကို ပယ်ပြီးသား၊ အကျိုးကိုပယ်က အကြောင်းကို ပယ်ပြီးသာ ဖြစ်သဖြင့် ဤအယူသုံးမျိုးလုံးသည် အကြောင်းအကျိုးကို ပယ်သည့် အယူများဖြစ်ကြသည်)

ဒုစရိုက်မြှောက်ပွားခြင်း

အကုသိုလ်ကံ၁ဝပါးကို ပုဗ္ဗစေတနာ မုဉ္စစေတနာ အပရစေတနာ ၃ မျိုးဖြင့်မြှောက်လျှင် ၃ဝ ဖြစ်၏။ ပါဏာတိပါတပြုရာ၌ မသတ်မှီရှေးအဘို့က ဖြစ်နေသော စေတနာတွေသည် ပုဗ္ဗစေတနာမည်၏၊ ပါဏာတိပါတကံ အထမြောက်ကြောင်း ဇောဝီထိ၌ပါသော စေတနာသည် မုဉ္စစေတနာမည်၏၊ ပါဏာ တိပါတကံ အထမြှောက်ပြီး နောက်၌ အားရကျေနပ်သော အနေအားဖြင့် ဖြစ်သောစေတနာတွေသည် အပရစေတနာမည်၏။ ဒုစရိုက် ၁ဝကိုတည်၊ စေတနာ ၃တန်နှင့်မြှောက်၊ ဒုစရိုက်၃ဝ ဖြစ်၏။

တနည်းမြှောက်ပွားပုံ

အကုသိုလ်ကံ ၁ဝပါးတွင် ပါဏာတိပါတကို ကိုယ်တိုင်ပြုလျှင် သာဟတ္ထိကဒုစရိုက်ဖြစ်၏၊ သူတပါးကို အသတ်ခိုင်းလျှင် အာဏတ္တိကဒုစရိုက်ဖြစ်၏၊ သူတပါးကို တိုက်ရိုက်မသတ်ခိုင်းပဲ သတ်သည့် အတွက် ရနိုင်သော လောကအကျိုးကို ပြောပြလျှင် ဝဏ္ဏဘာသနဒုစရိုက်ဖြစ်၏၊ သူတပါးတို့ အလိုအလျောက် သတ်ဖြတ်သည်ကို သဘောတူကျေနပ်လျှင် သမနုညာဒုစရိုက်ဖြစ်၏၊ အခြားသောအကုသိုလ်ကံများကို ဤ ၄ မျိုးဖြင့် မြှောက်ပွားလျှင် ဒုစရိုက်ပေါင်း ၄ဝဖြစ်၏။၊ ဤမြှောက်ပွားခဲ့သော ဒုစရိုက်တို့တွင် အချို့ကမ္မပထမြောက်၏, အချို့မမြောက်။

ဒုစရိုက်၏အကြောင်းရင်း

ပါဏာတိပါတ, ဖရုသဝါစာ, ဗျာပါဒသည် ဒေါသကြောင့်ဖြစ်၏။

ကာမေသုမိစ္ဆာစာရ, အဘိဇ္ဈာ, မိစ္ဆာဒိဋ္ဌိသည် လောဘကြောင့် ဖြစ်သည်။

အဒိန္နာဒါန, မုသာဝါဒ, ပိသုဏဝါစာ, သမ္ဖပ္ပလာပ တို့သည် ရံခါ လောဘကြောင့်, ရံခါ ဒေါသကြောင့် ဖြစ်ရသည်။

မိမိအတွက်ဖြစ်စေ, သားသမီးဆွေမျိုးတို့ စားသောက်ဖို့အတွက်ဖြစ်စေ, လိုချင်၍ ခိုးယူရာ၌ အဒိန္နာဒါနသည် လောဘကြောင့်ဖြစ်သည်၊ ရန်စလို၍ သို့မဟုတ် ရန်တုံ့ချေခြင်းအကျိုးငှါ လုယူရာ၌ ဒေါသကြောင့် ဖြစ်၏။ မုသာဝါဒလည်း တရားဆိုင်ရာ စသည်တို့၌ တစုံတခု ရလို၍ လိမ်လျှင် လောဘကြောင့်ဖြစ်၏၊ တဖက်သားကို နစ်နာစေလိုသော စိတ်ဖြင့် လိမ်လျှင် ဒေါသကြောင့်ဖြစ်၏။ ပိသုဏဝါစာလည်း မိမိကိုချစ်စေလို၍ ရန်တိုက်လျှင် လောဘကြောင့်ဖြစ်၏၊ ထိုသူနှစ်ယောက်ကွဲစေလို၍ ရန်တိုက်လျှင် ဒေါသကြောင့် ဖြစ်ရ၏၊ သမ္ဖပ္ပလာပလည်း ပစ္စည်းကို ရလို၍ ပြောဆိုရေးသားလျှင် သို့မဟုတ် မမှန်သော အကြောင်းအရာကိုပင် သာယာနှစ်သက်၍ ပြောဆိုရေးသားလျှင် လောဘကြောင့် ဖြစ်၏၊ ကွက်စိပ်ပြောနေရာ၌ တစုံတယောက်က နှောက်ယှက်လာ၍ စိတ်ဆိုးဆိုးနှင့် ပြောရလျှင် ဒေါသကြောင့် ဖြစ်၏။ မောဟကား အကုသိုလ်အားလုံးနှင့်ဆက်ဆံ၍ အကုသိုလ်အားလုံး၏ ရေသောက်မြစ်သဖွယ် ဖြစ်ပေသည်။

(သင်္ဂြိုဟ်ဘာသာဋီကာ-ဝီထိမုတ်ပိုင်းမှ-ကောက်နှုတ်ချက် )

ကမ္မပထ မမြောက်သော အကုသိုလ်ကံ၏ အပြစ်ကို ပြဆိုခြင်း

ကမ္မပထမမြောက်လျှင် လုံးဝ ပဋိသန္ဓေကျိုးမပေးဟု မမှတ်သင့်။ အပြစ်မကြီးဟု မမှတ်သင့်။ အရာဌာနအလိုက် ပဋိသန္ဓေကျိုး ပေးသည်လည်းရှိ၏။ မပေးသည်လည်းရှိ၏။ အပြစ်ကြီးသည်လည်း ရှိ၏။ မကြီးသည်လည်းရှိ၏။

ရှင်ဒေဝဒတ်သည် ကျောက်တုံးကိုလှိမ့်ချ၍ ဘုရားကို အသေသတ်၏။ ဘုရားကားမသေ။ ကမ္မပထမမြောက်။ နန္ဒဘီလူးသည် ရှင်သာရိပုတြာ၏ ဦးခေါင်းကို သံတူဖြင့် အသေထု၏။ ရှင်သာရိ ပုတြာကား မသေ။ ကမ္မပထမမြောက်။ သို့သော်လည်း နန္ဒဘီလူးသည် ပထမဇောစေတနာကြောင့် အရှင်လတ်လတ် မြေမျိုသေဆုံးရပြီး သတ္တမဇောစေတနာကြောင့် အဝီစိငရဲ၌ ခန္ဓာသစ်ဖြစ်ပြီး ငရဲခံ ရလေ သည်။(ဥဒါန်းအဋ္ဌကထာ)

သတ္တဝါသာမည, မိဘ, သီလရှိသော ရဟန်း, ရဟန္တာတို့ကို ထုထောင်းပုခတ်ခြင်း လက်ခြေ ဖြတ်ခြင်း စသည်ပြုက ပဋိသန္ဓေကျိုးမပေး၊ အပြစ်မကြီးဟု မဆိုသင့်။ (ပရမတ္ထစက္ခု)

သုရာပါနနှင့် စပ်၍ သိမှတ်ဖွယ်

သုရာပါနသည် ပဋိသန္ဓေကျိုးကို ဧကန်မပေးနိုင်၍ ကမ္မပထ၌ မသွင်း။ သို့သော် ဋီကာဆရာ တို့ကား ကာမေသုမိစ္ဆာစာရ၌သွင်း၍ ကမ္မပထမြောက်သည်ဟု ဆိုကြသည်။ ရသဟူသော ကာမဂုဏ်၌ မှားယွင်းစွာကျင့်ရာရောက်၍ သုရာပါနကို ကာမေသုမိစ္ဆာစာရ၌ သွင်းသည်။ (ရသသင်္ခါတေသု ကာမေသု မိစ္ဆာစာရဘာဝတော) ။ ထို့ပြင် ဗုဒ္ဓကလည်း "ရဟန်းတို့ ကြိမ်ဖန်များစွာ အရက်သောက်ခြင်းသည် ငရဲဘုံ တိရိစ္ဆာန်ဘုံ ပြိတ္တာဘုံတို့၌ ဖြစ်စေနိုင်သည်။ အနိမ့်ဆုံး အပြစ်အားဖြင့် လူဖြစ်လျှင် အရူးအနှမ်း ဖြစ်စေနိုင် သည်" ဟု ဟောထားသဖြင့် သုရာပါနသည်လည်း ကမ္မပထ ဖြစ်သည်ဟု ဆိုနိုင်သည်။

ပဋိသန္ဓေကျိုးကို ပေးသော စေတနာ

ကမ္မပထမြောက်သော ကံ၏ ပုဗ္ဗစေတနာ အပရစေတနာတို့သည် ပဋိသန္ဓေကျိုးကို ဖြစ်စေမှု၌ ဧကန္တိက(ကိန်းသေ) မဟုတ်။ အနေကန္တိက(မရေမရာ)သာ ဟူ၍ ပဋိသမ္ဘိဒါမဂ်ဋီကာ၌ ဆို၏။ ထို့ကြောင့် ပုဗ္ဗစေတနာ အပရစေတနာတို့သည် ဗလဝပစ္စည်းကို ရလျှင် (အခြားကံများ၏ အထောက်အပန့်ကို ရလျှင်) ပဋိသန္ဓေအကျိုးကိုပေး၏။ ဗလဝပစ္စည်းကို မရလျှင် ပဋိသန္ဓေအကျိုး မပေးဟု ဆုံးဖြတ်သင့်၏။