ပညတ် နှင့် ပရမတ်

လောက၌ သိစရာ ငါးမျိုးသာရှိသည်။ ၄င်း ငါးမျိုးမှာ သင်္ခါရ, ဝိကာရ, လက္ခဏ, နိဗ္ဗာန်, ပညတ်တို့ ဖြစ်သည်။ တနည်းအားဖြင့် စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန်, ပညတ်တို့ဖြစ်သည်။ စိတ် ၈၉-ပါး, စေတသိက် ၅၂-ပါး, နိပ္ဖန္နရုပ် ၁၈-ပါးကို သင်္ခါရဟုခေါ်သည်။ လဟုတာရုပ်, မုဒုတာရုပ်, ကမ္မညတာရုပ်, ကာယဝိညတ်, ဝစီဝိညတ်ကို ဝိကာရဟု ခေါ်သည်။ ဥပစယ, သန္တတိ, ဇရတာ, အနိစ္စတာကို လက္ခဏဟုခေါ်သည်။ လောကသားများ ပြောဆိုသုံးနုံးကြသော ယောကျာ်း မိန်းမ အိမ်စသော အခေါ်အဝေါ် ဝေါဟာရကို ပညတ်ဟုခေါ်သည်။ ဤသဘောတရားများအရ စိတ် စေတသိက် ရုပ် သုံးမျိုးကို သင်္ခါရ, ဝိကာရ, လက္ခဏဟု ခေါ်သည်ဟု မှတ်ပါ။ သင်္ခါရ ဝိကာရ လက္ခဏကို သို့မဟုတ် စိတ် စေတသိက် ရုပ် ကို နာမ်ရုပ်ဟု ခေါ်သည်။ စိတ် စေတသိက် ဟူသော နာမ်နှင့် ရုပ်, ပညတ်တို့မှ လွတ်မြောက်မှု သဘောကို နိဗ္ဗာန်ဟု ခေါ်သည်။

ပရမတ်

အဟုတ်ရှိ တကယ်ရှိ အမှန်ရှိသော တရားကို ပရမတ်ဟု ခေါ်သည်။ အဟုတ်မရှိ တကယ်မရှိ အမှန်မရှိသောတရားကို ပညတ်ဟု ခေါ်သည်။ သင်္ခါရ, ဝိကာရ, လက္ခဏ အမည်ရသော စိတ် စေတသိက် ရုပ်နှင့် နိဗ္ဗာန် သည် ပရမတ်ဖြစ်သည်။ အခေါ်အဝေါ်တို့သည် ပညတ်ဖြစ်သည်။ မြေနှင့်လုပ်ထားသော အိုးခွက် စသည်တွင် မြေ၏ နေပုံအနေအထား ပုံရိပ်ကို ကြည့်၍ အိုးခွက်ဟု ခေါ်ရာတွင် အိုးခွက်သည် အမှန်တကယ်မရှိ။ အခေါ်အဝေါ်သာ။ မြေကြီးသာ အမှန်တကယ်ရှိသည်။ ထို့အတူ ယောကျာ်းမိန်းမစသည်တွင် ခန္ဓာကိုယ်၏ ပုံသဏ္ဌာန်ကို ကြည့်၍ ယောကျာ်းမိန်းမဟုခေါ်ရာတွင် ယောကျာ်းမိန်းမသည် တကယ်မရှိ။ အခေါ်အဝေါ်သာ။ ရုပ်နာမ်တရားသာ အမှန်တကယ်ရှိသည်။ ရုပ်တရား ဖွဲ့စည်းပုံ အရိပ်ကို ကြည့်ပြီး ယောကျာ်းမိန်းမဟု ခေါ်ကြသည်။

ပညတ်

ပညတ်သည် ပရမတ်နှင့် ကင်း၍ မဖြစ်နိုင်။ မီးတောက်ကြောင့် မီးရောင်ပေါ်လာရသလို ရုပ်နာမ် (ပရမတ်)ကို စွဲ၍ ယောကျာ်းမိန်းမ(ပညတ်)ဟု ခေါ်ရလေသည်။ မီးခိုးသည် မီးတောက်ကို ဖုံးထားသလို ပညတ်သည် ပရမတ်ကို ဖုံးထားသည်။ ပညတ်က ဖုံးထားသည့်အတွက် ပရမတ်ကို သိရန် ခက်လှသည်။ ပရမတ်ကို ဖုံးကွယ်သော ပညတ် နှစ်မျိုးရှိသည်။ ဃနပညတ်နှင့် ဇီဝပညတ်ဖြစ်သည်။ အတုံး အခဲ အလုံး အပြား တခုတည်း တသားတည်း ထင်နေကြခြင်းသည် ဃနပညတ် အဖုံးခံထားရခြင်ကြောင့် ဖြစ်သည်။ အသက်ဟူ၍ အကောင်ဟူ၍ အရှင်ဟူ၍ ထင်နေကြခြင်းသည် ဇီဝပညတ် အဖုံးခံထားရခြင်းကြောင့်ဖြစ် သည်။ ဃနပညတ်တွင်လည်း သမူဟဃနပညတ်, သန္တတိဃနပညတ်, သဏ္ဌာနပညတ်, သုဘပညတ်ဟု လေးမျိုးရှိသည်။ ကား ရထား အိမ် အဝတ် ပုဆိုး စသည်ကို တခုတည်းဟု ခေါ်ဝေါ်တွေးထင်သော သဘောသည် သမူဟဃနပညတ်ဖြစ်သည်။ သုမေဓာရှင်ရသေ့သည် ဘုရားဖြစ်လာသည်, သိဒ္ဓတ္ထသည် ဘုရားဖြစ်လာသည်, ဝိသာခါ အသက် ၁၂ဝ ရှည်သည်, မနေ့က ငါနှင့် ဒီနေ့ငါ အတူတူပင်ဟု ခေါ်ဝေါ်တွေးထင်သော သဘောသည် သန္တတိဃနပညတ်ဖြစ်သည်။ အတို အရှည် အပြားအလုံး အဝန်း အဆူ အကြုံ အနိမ့် အမြင့် အသေး အကြီးဟု ခေါ်ဝေါ်တွေးထင်သော သဘောသည် သဏ္ဌာနပညတ်ဖြစ်သည်။ အလှ အယဉ် အတင့်အတယ် ချစ်စရာ နှစ်သက်စရာ ခင်တွင်စရာ မက်မောစရာဟု ခေါ်ဝေါ်တွေးထင်သော သဘောသည် သုဘပညတ်ဖြစ်သည်။

တခုတည်းထင်မှတ်၊ မျှင်မပြတ်လျှင်၊ ပညတ်ပင်

အများထင်မှတ်၊ အမျှင်ပြတ်မှ၊ ပရမတ်

(ပရမတ္ထစက္ခုကျမ်းမှ ကောက်နုတ်ချက်)

အဘိဓမ္မတ္ထသင်္ဂဟကျမ်း

"အဘိဓမ္မတ္ထသင်္ဂဟ"ကို စကားလုံးခွဲကြည့်လျှင် အဘိဓမ္မ+အတ္ထ+သံ+ဂဟ ဟု စကားလေးလုံး တွေ့ရသည်။ အဘိဓမ္မ-အဘိဓမ္မာဒေသနာတော်၏၊ အတ္ထ-အနက်အဓိပ္ပါယ် အကျယ်များကို၊ သံ-အကျဉ်းချုံး၍၊ ဂဟ-ယူရာဖြစ်သောကျမ်း။ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းသော အဓိပ္ပါယ်များကို အကျဉ်းချုံး၍ ယူထားသောကြောင့် "အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း"ဟု ခေါ်သည်။ အဘိဓမ္မကို ဖြုတ်၍ "သင်္ဂြိုဟ်ကျမ်း" ဟုလည်း ခေါ်ကြသည်။

ပရမတ္ထတရား လေးပါး

အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် စိတ် စေတသိက် ရုပ် နိဗ္ဗာန်ဟူသော ပရမတ္ထတရား လေးပါးအကြောင်းကို ရှင်းလင်းသင်ပြပါသည်။ စိတ် စေတသိက် ရုပ် နိဗ္ဗာန်တို့သည် အာရုံကို သိခြင်းစသော မိမိတို့၏သဘော မှ မဖောက်ပြန်ကြကုန်။ ဥပမာ-လောဘသည် လိုချင်ခြင်းသဘောရှိ၏။ ထိုလောဘသည် လူနတ်ဗြဟ္မာ သတ္တဝါ အမျိုးမျိုး၌ ဖြစ်သော်လည်း လိုချင်ခြင်းသဘောမှ မဖောက်ပြန်။ ခွေးလောဘနှင့် လူလောဘသည် သဘောခြင်းတူမျှ၏။ ထိုသို့ မဖောက်မပြန် မှန်ကန်တည့်မတ်သည်ကိုပင် မြတ်သည်ဟုဆိုထိုက်ရကား ပရမ+အတ္ထ=ပရမတ္ထ=မြတ်သောသဘောတရားဟု ခေါ်ဝေါ်ရလေသည်။ (ပရမ-မြတ်သော တနည်း အချုပ်ပဓာနဖြစ်သော၊ အတ္ထ-အနက်, အတည်ကိုယ်, သဘောတရား)

တနည်း-လူ နတ် ဗြဟ္မာ သတ္တဝါအထွေထွေ, မြေ ရေတော တောင် စသည်ဖြင့် အထည်ဝတ္ထုပညတ်စု တွေ မည်မျှပင် များနေကြသော်လည်း လိုရင်းအချုပ် အသားတင်ကို စစ်၍ထုတ်လိုက်လျှင် စိတ် စေတသိက် ရုပ် နိဗ္ဗာန်တို့မှတပါး ရှာမရချေ။ ထို့ကြောင့် စိတ်စသောတရားလေးပါးကို "ပရမတ္ထ"ဟု ဆိုထိုက်လေသည်။

စကားလုံးအဓိပ္ပါယ်

စိတ် - အာရုံကို သိခြင်းသဘော (အာရုံကို ရအောင်ယူနိုင်ခြင်းကို သိခြင်းဟု ခေါ်သည်) စေတသိက် - စိတ်၌မှီသော သဘောတရား ရုပ် - အအေးအပူစသော ဆန့်ကျင်ဘက် အကြောင်းများကြောင့် ဖောက်ပြန်တတ်သော သဘောတရား နိဗ္ဗာန် - ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော သဘောတရား

(အခြေပြုသင်္ဂြိုဟ်မှ ကောက်နုတ်ချက်)

စိတ်အဓိပ္ပါယ်အကျယ်ရှင်းလင်းချက်

အတိတ်ကံကြောင့် ပစ္စုပ္ပန်ဘဝ၌ ယောကျာ်းပုံသဏ္ဌာန် မိန်းမပုံသဏ္ဌာန် ဖြစ်သည်။ ပုံသဏ္ဌာန်ကြောင့် ပုံသဏ္ဌာန်ကို မှတ်သားမှု ဖြစ်သည်။ မှတ်သားမှုကြောင့် မှတ်သားမှုကို ထုတ် ဖော်ပြောဆိုဖို့ ယောကျာ်းမိန်းမဆိုသည့် ဝေါဟာရ ဘာသာစကား ဖြစ်သည်။ ဝေါဟာရကြောင့် ယောကျာ်းဖြစ်ရပါလို၏၊ မိန်းမ, မင်းမျိုး, သူဌေးမျိုး ဖြစ်ရပါလိုစသည်ဖြင့် ဆုတောင်းမှုဖြင့် ကံဖြစ် ပြန်သည်။ ကံအမျိုးမျိုးကြောင့် ဂတိအမျိုးမျိုး၌ လက် ခြေ ဦးခေါင်း ပုံသဏ္ဌာန် အမျိုးမျိုးဖြစ်ပြီး လောကဓံအမျိုးမျိုး ဖြစ်ရကြုံရပြန်သည်။

(အဋ္ဌသာလိနီအဋ္ဌကထာ၊ ၁ဝ၆၊ အဋ္ဌသာလိနီ နိသျ ပ-၄၁၃)

ရုပ်အဓိပ္ပါယ်အကျယ်ရှင်လင်းချက်

အအေး, မီးပူ, ဆာလောင်ခြင်း, မွတ်သိပ်ခြင်း, မှက်, ခြင်, လေ, နေပူ, မြွေ, ကင်း စသည်တို့ ကြောင့် ဖောက်ပြန် ပျက်စီးတတ်သောကြောင့် ရုပ်ဟုခေါ်သည်။

အအေး

လောကန္တရိတ်ငရဲသားတို့သည် အလွန်ခါးငန်သော ရေအေးဒဏ်ကြောင့် ကျေမွပျက်စီးကုန်၏။

မီးပူ

အဝီစိ ငရဲသားတို့သည် အလွန်ပူသော မီးကြောင့် သေကျေပျက်စီးရ၏။

ဆာလောင်ခြင်း

ပြိတ္တာဘဝ၌ ဆာလောင်၍ ဆင်းရဲခြင်း, လူပြည်၌ အငတ်ဘေးဆိုက်၍ သေရခြင်း ဖြစ်ရ၏။

မွတ်သိပ်ခြင်း

ကာလကဉ္စိက အသုရာတို့သည် ရေငတ်သည့် ဆင်းရဲဒုက္ခကို နှစ်ပေါင်များစွာ ခံစားရသည်။

မှက်၊ ခြင်

၄င်းတို့ အကိုက်ခံရလျှင် ယာယံခြင်း, နာကျင်ခြင်း, အနာဖြစ်ခြင်းစသည့် ဝေဒနာခံစားရ၏။

လေ

ကိုယ်တွင်း ဝါယောဓာတ် ဖောက်ပြန်ပျက်စီးလျှင် လေဖြတ်သည့် ရောဂါ ခံစားရ၏။

နေပူ

သဲကန္တာရတွင်း ခရီးသွာသူများ နေပူဒဏ် အကာအကွယ်မရက သေကျေပျက်စီးကြရသည်။

မြွေ၊ ကင်း

အဆိပ်ပြင်းသည့် သတ္တဝါများအကိုက်ခံရက သေလောက်သည့် ဝေဒနာ ခံစားကြရသည်။

(သမ္မောဝိနောဒနီအဋ္ဌကထာ၊ ၃ ဘာဋီ၊ ပ-၁၅)