အဘိဓမ္မာဆောင်သည်သာ ဓမ္မကထိကအစစ်ဖြစ်

ကမ္မန္တရ၊ ဝိပါကန္တရ၊ ရူပါရူပပရိစ္ဆေဒ၊ ဓမ္မန္တရ တို့၌ မရှုပ်ထွေးပဲ ရှင်းရှင်းလင်းလင်း နားလည်ဟောပြော နိုင်သောကြောင့် အဘိဓမ္မာဆောင်သည်သာ ဟောသည်ဖြစ်စေ မဟောသော်လည်း မေးသည့်အခါ ဖြေသည် ဖြစ်စေ ဓမ္မကထိက အစစ်ဖြစ်သည်။

ကမ္မန္တရ၌ ရှုပ်ထွေးမှု

ကာမာဝစရကံတရားကို ရူပါဝရကံစသည်ဖြင့် ပြောဆိုလျှင်လည်းကောင်း, ကာမာဝစရကံအချင်းချင်းတွင်လည်း မည်းညစ်သော အကျိုးရှိသော အကုသိုလ်ကံကို ဖြူစင်သောအကျိုးရှိသော ကုသိုလ်ကံဟု ပြောလျှင်လည်းကောင်း ကမ္မန္တရ၌ ရှုပ်ထွေးနေသည်မည်၏။ ယခုခေတ်၌ အဘိဓမ္မာသဘောကို မပိုင်သူတို့သည် တရားအားထုတ်၍ ကာမာဝစရဝိပဿနာဉာဏ် အတော်အတန်ထက်သန်လာသောအခါ လောကုတ္တရာမဂ်ဉာဏ်ဟု ထင်မှား၍ သူတစ်ပါအားပြောတတ်ကြခြင်း, "ဝိပဿနု ပက္ကိလေသ"ဟု ခေါ်သော နိကန္တိတဏှာ (အကုသိုလ်)ကံကိုလည်း မဂ်ကုသိုလ်ကံဟု ထင်မှား၍ သူတစ်ပါးအား ပြောတတ်ကြခြင်း, မိမိ ချစ်သူ၏သေခါနီး၌ ပင်ပန်းနေသည်ကို သနားလှသဖြင့် မြန်မြန်သေအောင်ပြုမှု (အကုသိုလ်) ကိုလည်း ကုသိုလ်ဟု ပြောဆိုခြင်းတို့လည်း ကမ္မန္တရ၌ ရှုပ်ထွေးမှုပင်ဖြစ်သည်။

ဝိပါကန္တရ၌ ရှုပ်ထွေးမှု

ဝိပဿနာဉာဏ်၏ ထက်သန်မှုကြောင့် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိနှင့် သုခပီတိတို့ဖြစ်၍ လောကကြီးကို မေ့သကဲ့သို့ ပျော်မွေ့မှုဖြစ်ခြင်းကို ဖလသမာပတ်ဟု ထင်မှတ်၍ ပြောဆိုခြင်း, တိရိစ္ဆာန် ပြိတ္တာတို့ ငတ်ပြတ်နေချိန် ဆာလောင်မွတ်သိပ်ချိန်ဝယ် မစင်ခွေးပုတ်စသည်ကို ရရာ၌ အကုသိုလ်ကံ၏ အကျိုးဖြစ်ပါလျက် ကုသိုလ်ကံ၏အကျိုးဟု ထင်မှတ်ပြောဆိုခြင်း, အကုသိုလ်ဖြင့် အသက်မွေးသူ၏ ကောင်းကျိုးရနေခြင်းသည် ရှေးကုသိုလ်ကံ၏ အကျိုးဖြစ်ပါလျက် အကုသိုလ်ကံ၏ အကျိုးဟု ထင်မှားချီးမွမ်းပြောဆိုခြင်း, ကောင်းသောအမှုဖြင့် အသက်မွေးနေပါလျက် ဆင်းရဲဒုက္ခရောက်နေ သူကို ကုသိုလ်ကံက မကောင်းကျိုးပေးသည်ဟု ထင်မှားပြောဆိုကြခြင်း, ဗြဟ္မာ့ပြည်၌ လှပသောရူပါရုံစသည်ကို မြင်ရ, ကောင်းသော သဒ္ဒါရုံကိုကြားရသောအခါ ကာမာဝစရကံ၏ အကျိုးဖြစ်ပါလျက် ရူပကံ၏အကျိုးဟု ထင်မှတ်ပြောဆိုကြ ခြင်းသည် ဝိပါကန္တရ၌ ရှုပ်ထွေးမှုဖြစ်၏။

ရူပါရူပ၌ ရှုပ်ထွေးမှု

ရုပ်တရား နာမ်တရားသည် အဘိဓမ္မာ၌ ကျွမ်းကျင်သူများအတွက် ခွဲခြားပြီးဖြစ်၏။ သို့သော် အဘိဓမ္မာ၌ မကျွမ်းကျင်လျှင်ကား အိပ်ပျော်ချိန်၌ ဘဝင်စိတ်အစဉ် ဖြစ်နေခြင်းကို (နာမ်တရားမဟုတ်) ရုပ်တရားဟု ထင်မှာပြောဆိုတတ်ကြခြင်း, အိပ်ချင်၍ မိဒ္ဓဖြစ်ခြင်းကို ရုပ်တရားဟု ထင်မှတ်ပြောဆိုတတ်ကြခြင်းသည် ရူပါရူပ၌ (နာမ်ရုပ်) ရှုပ်ထွေးမှုဖြစ်၏။

ဓမ္မန္တရ၌ ရှုပ်ထွေးမှု

နာမ်တရားအချင်းချင်းလည်း အကုသိုလ်ဝိတက်ကို ဉာဏ်ဟုလည်ကောင်း, မောဟကို သဒ္ဓါဟုလည်းကောင်း, သားမယားချစ် ချစ်ခြင်းဟူသော တဏှာ(လောဘ)ကို မေတ္တာဟုလည်းကောင်း, ချစ်သူဒုက္ခရောက်၍ ဝမ်းနည်းခြင်း သောကကို ကရုဏာဟုလည်းကောင်း, ချစ်သူသုခရောက်၍ ဝမ်းမြောက်မှု သောမနဿနှင့်ယှဉ်သော လောဘကို မုဒိတာဟုလည်းကောင်း ထင်မှားပြောဆိုခြင်းသည် ဓမ္မန္တရ၌ ရှုပ်ထွေးခြင်း ဖြစ်၏။

(အဋ္ဌသာလိနီအဋ္ဌကထာ၊ ၂၉၊ အဋ္ဌသာလိနီ ဘာဋီ, ပ-၁၃၁)