အဟိတ်စိတ် ၁၈-ပါး

(က) အကုသလဝိပါက်စိတ် ၇-ပါး

အကုသလဝိပါက်စိတ် ၇-ပါး ဖြစ်ပုံ

အကျည်းတန်ရုပ်ဆိုးသူ, ကြည့်လို့မကောင်းသော မြင်းကွင်း (အနိဋ္ဌာရုံ)ကို တွေ့မြင်ရသောအခါ စက္ခုဝိညာဏ်စိတ်ဖြစ်သည်။ ဆူညံသောအသံ, မိမိအကြောင်းမကောင်းပြောသံ, ဆဲဆိုသံ, ငေါက်ငန်းသံ ကြားရသောအခါ သောတဝိညာဏ်စိတ်ဖြစ်သည်။ အပုပ်နံ့, ကျင်ကြီးကျင်ငယ်နံ့ ရသောအခါ ဃာန ဝိညဏ် စိတ်ဖြစ်သည်။ ကျင်ကြီးကို စားသောအခါ, အပုပ်ကောင်ကို စားသောအခါ, အသိုးအပုပ်အစာကို စားသောအခါ ဇိဝှါဝိညာဏ်စိတ် ဖြစ်သည်။ သွားကိုက်သောအခါ, ခေါင်းကိုက်သောအခါ, ညောင်းညာကိုက်ခဲ သောအခါ, ဗိုက်နာသောအခါ, အချမ်းအပူဒဏ် ခံရသောအခါ စသည့် ခန္ဓာကိုယ် သက်တောင့်သက်သာ မဖြစ်သောအခါတို့၌ ဒုက္ခသဟဂုတ် ကာယဝိညာဏ်စိတ်ဖြစ်သည်။ မကောင်းသော အနိဋ္ဌာရုံများကို လက်ခံ သောအခါ သမ္ပဋိစ္ဆိုန်းစိတ်, စုံစမ်းသောအခါ သန္တီရဏစိတ်ဖြစ်သည်။

(က) ကုသလဝိပါက်စိတ် ၈-ပါး

ကုသလဝိပါက်စိတ် ၇-ပါး ဖြစ်ပုံ

လှပသောရှုခင်း, ချောမောလှပသူ, ကြည်ညိုဘွယ်ရာ ဘုရား ရဟန္တာ စသည်တို့ကို မြင်တွေ့ရာ၌ စက္ခုဝိညာဏ်စိတ်ဖြစ်သည်။ တရားနာရသောအခါ, သာယာကြည်နူးစရာ တေးဂီတသံ သီချင်းသံ ကြားရသောအခါ, မိမိကို ချီးကြူးပြောဆိုသော သတင်းသံ ကြားရသောအခါ သောတဝိညာဏ်စိတ် ဖြစ်သည်။ ပန်းရနံ့ ရေမွှေးနံ့ စားကောင်းသောက်ဖွယ်အနံ့ကိုရသောအခါ ဃာနဝိညာဏ်စိတ်ဖြစ်သည်။ စားကောင်း သောက်ဖွယ် ကြက်သားဟင်း ဝက်သားဟင်းစသည်ကို စားရသောအခါ ဇိဝှါဝိညာဏ်စိတ်ဖြစ်သည်။ ကျန်းမာ ချမ်းသာစွာ နေရသောအခါ, အအေးအပူမျှတသောအခါ, နူးညံ့သောအဝတ်, နူးညံ့သော ဖိနပ် ဝတ်ဆင်ရသော အခါ သုခသဟဂုတ် ကာယဝိညာဏ်စိတ်ဖြစ်သည်။ အရည်အသွေးကောင်းသော အာရုံ (ဣဋ္ဌာရုံ)ကို လက်ခံ ရသောအခါ သမ္ပဋိစ္ဆိုန်းစိတ်, အရည်အသွေး သာမန်ကောင်းသော အာရုံ (ဣဋ္ဌာရုံ)ကို စုံစမ်းရသောအခါ ဥပေက္ခာသန္တီရဏစိတ်, အရည်အသွေး အလွန်ကောင်းသော အာရုံ (အတိဣဋ္ဌာရုံ)ကို စုံစမ်းရသောအခါ သောမနဿသဟဂုတ် သန္တီရဏစိတ် ဖြစ်သည်။

(ဂ) ကြိယာစိတ် ၃-ပါး

ပဉ္စဒွါရာဝဇ္ဇန်း။ မျက်စိပေါက် နားပေါက် နှာခေါင်းပေါက် လျှာပေါက် ကိုယ်ပေါက် ဟူသော အပေါက်ငါးခု မှ ရောက်လာသောအာရုံကို (အဆင်း အသံ အနံ့ အရသ အတွေ့ အာရုံ) ဆင်ခြင်သော (အစဆုံးသိသော) စိတ်ကို ပဉ္စဒွါရာဝဇ္ဇန်းဟု ခေါ်သည်။ (ပဉ္စ-၅၊ ဒွါရ-အပေါက်၊အာဝဇ္ဇန-ဆင်ခြင်ခြင်း, အစဆုံးသိခြင်း )

မနောဒွါရာဝဇ္ဇန်း။ စိတ်၌ ပေါ်လာသော တွေးစရာ ကြံစည်စိတ်ကူးစရာကို ဆင်ခြင်သော (အစဆုံးသိသော) စိတ်ကို မနောဒွါရာဝဇ္ဇန်းစိတ်ဟု ခေါ်သည်။

ဟသိတုပ္ပါဒ။ ပြုံးရယ်မှုကို ဖြစ်စေသောစိတ်ကို ဟသိတုပ္ပါဒ်ဟုခေါ်သည်။ ဤစိတ်သည် ဘုရားရဟန္တာ များသန္တာန်၌သာ ဖြစ်သည်။ (ဟသိတ-ပြုံရယ်ခြင်း၊ ဥပ္ပါဒ-ဖြစ်ခြင်း)

အဟိတ်စိတ် ၁၈-ပါးနှင့် ဆိုင်ရာ သိမှတ်ဖွယ်ရာများ

စက္ခုဝိညာဏ်စသည် ဥပေက္ခာဖြစ်ရကြောင်း

စက္ခုဝိညာဏ်ဒွေးစသော ဝိညာဏ်ရှစ်ပါး၏ အာရုံသည် ရူပ သဒ္ဒ ဂန္ဓ ရသာရုံများ ဖြစ်ရကား ရုပ်၂၈ပါးတွင် မဟာဘုတ်ကြီးများကိုမှီသော ဥပါဒါရုပ်ကလေးများသာတည်း။ မှီရာဝတ္ထုရုပ်ကလည်း စက္ခု သောတ ဃာန ဇိဝှါဟူသော ဥပါဒါရုပ်ကလေးများပင်တည်း။ ရူပါရုံနှင့် စက္ခုပသာဒ ထိခိုက်ရာဝယ် ဥပါဒါရုပ်ခြင်း တိုက်သည်ဖြစ်၍ မပြင်းထန်ပဲ ညင်ညင်သာသာရှိ၏။ ဝါဂွန်းဆိုင်ကလေးနှစ်ခု ထိခိုက် ပုံကဲ့သို့တည်း။ ဤသို့ အာရုံဝတ္ထု ထိခိုက်မှုက ညင်သာသည့်အတွက်ဣဋ္ဌာရုံဖြစ်စေ အနိဋ္ဌာရုံဖြစ်စေ အရသာမထင်ရှားလှချေ၊ ထို့ကြောင့် စက္ခုဝိညာဏ်ဒွေးစသော ဝိညာဏ်ရှစ်ပါး၌ အာရုံအရသာကို လွန်စွာခံစားတတ်သော သုခဒုက္ခဝေဒနာမယှဉ်ဘဲ ဥပေက္ခာသာယှဉ်ရသည်။

ကာယဝိညာဏ်စိတ် သုခ, ဒုက္ခ ဖြစ်ရကြောင်း

ကာယဝိညဏ်၏ အာရုံဖြစ်သော ဖောဋ္ဌဗ္ဗာရုံကား ပထဝီ, တေဇော, ဝါယောဟူသော မဟာဘုတ်ကြီး သုံးပါးတည်း။ မှီရာဝတ္ထုမှာ ကာယဝတ္ထုဟူသော ဥပါဒါရုပ်ကလေးပင် ဖြစ်သည်။ အင်အားကြီးမားသော ဖောဋ္ဌဗ္ဗာရုံမဟာဘုတ်ကြီးများက ကာယဝတ္ထုကို ထိခိုက်သောအခါ ကာယဝတ္ထုတွင် အချိန်မရပ်ဘဲ ကာယဝတ္ထု၏မှီရာ မဟာဘုတ်ကိုလဲ ထိခိုက်မိပြန်သည်။ သံတုံးပေါ် ဝါဂွမ်းဆိုင်တင်၍ သံတူဖြင့် နှက်သော အခါ ဝါဂွန်းတွင်မရပ်ဘဲ အောက်ခံသံတုံးကို ထိသကဲ့ သို့ မဟာဘုတ်ခြင်း ထိလေရာ ထိခိုက်ချက် အားကြီး ၍ အရသာထင်ရှားရကား အနိဋ္ဌာရုံနှင့်တွေ့လျှင်ဒုက္ခ, ဣဋ္ဌာရုံနှင့်တွေ့လျှင်သုခ ဖြစ်ရလေသည်။

ဒုက္ခသဟဂုတ် ကာယဝိဉာဏ်

ဒုက္ခသည် ခန္ဓာကိုယ်၌ဖြစ်သောဒုက္ခ၊ စိတ်၌ဖြစ်သောဒုက္ခဟု နှစ်မျိုးရှိ၏။ ဤနေရာ၌ ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရသောအခါ ခံစားတတ်သော ကာယိကဒုက္ခကို ဆိုလိုသည်။ ကာယဝိဉာဏ်စိတ်သည် ကာယိကဒုက္ခဝေဒနာနှင့် တွဲဖြစ်သည်ကို ဒုက္ခသဟဂုတ် ကာယဝိဉာဏ် ဟု ဆိုသည်။ (ဒေါသမူဒွေး၌ဖြစ်သော ဒေါမနဿဝေဒနာသည် စိတ်၌ဖြစ်သောဒုက္ခ (စေတသိကဒုက္ခ) ဖြစ်သည်။

သမ္ပဋိစ္ဆုန်းစသည်အကြောင်း။ ပဉ္စဝိညာဉ်သည် စက္ခုဝတ္ထုစသည်ကို မှီ၏၊ သမ္ပဋိစ္ဆိုန်းကား ဟဒယဝတ္ထုကို မှီ၏၊ ပဉ္စဝိညာဏ်က သမ္ပဋိစ္ဆိုန်းအား အနန္တရသတ္တိဖြင့် ကျေးဇူးပြု၏။ ထို့ကြောင့် မှီရာမတူသော ပဉ္စဝိညာဏ်၏ကျေးဇူးပြုကိုခံရသော သမ္ပဋိစ္ဆိုန်းသည် မှီရာတူသောစိတ်၏ ကျေးဇူးပြုမှုကို ခံရသလောက် အားမရှိချေ၊ ဥပမာ-သဘောမတူသူ အထံမှ အကူအညီရသူသည် သဘော တူသူ အထံမှ အကူအညီရသလောက် အားမရှိသကဲ့သို့တည်း၊ ထို့ကြောင့် သမ္ပဋိစ္ဆိုန်းသည် ဥပေက္ခာဝေဒနာနှင့် ယှဉ်ရသည်။

သန္တီရဏသုံးပါးသည် သမ္ပဋိစ္ဆိုန်းကဲ့သို့ ယဒယဝတ္ထုကို မှီ၍ သမ္ပဋိစ္ဆိုန်း၏ အခြားမဲ့၌ဖြစ်၏၊ သဘောတူသူအထံမှ အကူအညီရသကဲ့သို့ ဟဒယဝတ္ထုကို အမှီချင်းတူသော သမ္ပဋိစ္ဆိုန်းမှ အနန္တရ သတ္တိဖြင့် ကျေးဇူးပြုခြင်းကို ခံရသဖြင့် အားရှိကြပေသည်။ ထို့ကြောင့်ကုသလဝိပါက်*အရာဝယ် ဣဋ္ဌမဇ္ဈတ္တာရုံနှင့်တွေ့ကြုံရာ၌ ဥပေက္ခာဝေဒနာနှင့်ယှဉ်၍ အတိဣဋ္ဌာရုံနှင့် တွေ့ကြုံရာ၌ သောမနဿ ဝေဒနာနှင့်ယှဉ်ရသည်။

အကုသလဝိပါက်အရာ၌ကား ထင်လာသောအာရုံသည် အနိဋ္ဌာရုံသာ ဖြစ်သည်။ ထိုအနိဋ္ဌာရုံ၌ သောမနဿဝေဒနာကား လုံးဝဖြစ်ခွင့်မရှိ၊ ဒုက္ခဒေါမနဿအတွက်သာ စဉ်းစားဖွယ်ရှိ၏။ ထိုတွင် ဒုက္ခဝေဒနာဟူသည် ကာယိကဒုက္ခတစ်မျိုးသာရှိရကား ကာယဝိညာဉ်နှင့်သာ အမြဲယှဉ်ရိုးတည်း၊ ဒေါမနဿဝေဒနာလည်း ဒေါသနှင့်ကင်း၍ ဖြစ်ခြင်းမရှိ၊ ဒေါသမှန်လျှင်လည်း ဧကန် အကုသိုလ်ဇောတည်း၊ အကုသိုလ်ဇာတ်ဖြစ်သော ဒေါသနှင့် အဗျာကတဇာတ်ဖြစ်သော သန္တီရဏတို့ကား လုံးဝမတွဲစပ်သင့်ချေ၊ ဒေါသနှင့်မစပ်သင့်လျှင် ဒေါသနှင့် မခွဲနိုင်မခွါရက်သော ဒေါမနဿဝေဒနာကလည်း ယှဉ်နိုင်မည်မဟုတ်၊ ဤသို့လျှင် ဒုက္ခဒေါမနဿဝေဒနာတို့နှင့် ယှဉ်ဘို့ရန် အဆင်မသင့်သော ကြောင့် အနိဋ္ဌမဇ္ဈတ္တာရုံ၌ဖြစ်စေ, အတိအနိဋ္ဌာရုံ၌ဖြစ်စေ ဥပေက္ခာဝေဒနာနှင့် ယှဉ်ရတော့သည်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်သည် မှီရာတူသော ဘဝင်စိတ်မှ အနန္တရသတ္တိဖြင့် ကျေးဇူးပြုခံရခြင်းကြောင့် စိုးစဉ်း အနည်းငယ် အားရှိ၏၊ သို့သော်-ထင်လာသောအာရုံသစ်ကို ဘဝင်၏အခြားမဲ့၌ ရှေးဦးစွာ ထွက်၍ယူရခြင်း ထိုသို့ယူရာ၌ တကြိမ်မျှသာ ဖြစ်ခွင့်ရခြင်းတို့ကြောင့် အာရုံ၏အရသာကို ကျနစွာ မခံစားလိုက်ရပေ၊ ဥပမာ-မည် သည့်ကိစ္စမဆို ရှေးဦးစွာ တစ်ကြိမ်မျှ ဆောင်ရွက်ရခြင်းသည် မကျန, မလေးနက် ပေါ့ပျက်ပျက် ရှိသကဲ့သို့တည်း။ ထို့ပြင် မိမိနောက်၌ ဖြစ်လေ့ရှိသော ပဉ္စဝိညာဉ်များက မိမိနှင့်မှီရာမတူချေ၊ ထိုသို့ မှီရာမတူသောစိတ်အား ကျေးဇူးပြုရသလောက်မသက်သာလှပေ၊ ဥပမာ-အတူနေမဟုတ်သူအား ကြီးပွားအောင်စောင့်ရှောက်ရခြင်းသည် အတူနေအား စောင့်ရှောက်ရသလောက် မလွယ်ကူသကဲ့သို့တည်း။ ဤသို့လျှင် (၁) အာရုံသစ်ကို ရှေးဦးစွာယူရခြင်း၊ (၂) ထိုသို့ယူရာ၌ တကြိမ်မျှသာ ဖြစ်ခွင့်ရခြင်း၊ (၃) မှီရာမတူသော နောက်ဝိညာဉ်အား ကျေးဇူးပြုခြင်း ဤသုံမျိုးကြောင့် အာရုံအရသာကို ကျနစွာ မခံစားနိုင်ရကား ပဉ္စဒွါရာဝဇ္ဇန်း၌ ဥပေက္ခာသာယှဉ်ရသည်။

မနောဒွါရာဝဇ္ဇန်းစိတ်လည်း ပဉ္စဒွါရာဝဇ္ဇန်းကဲ့သို့ အာရုံသစ်ကို ရှေးဦးစွာယူရ၏၊ ထို့ပြင် မိမိ တို့နှင့် အစဉ်မတူသော ဇောအစဉ်ဖြစ်ဘို့ရန် ကျေးဇူးပြုရသည့်အတွက် တမင်္ဂလာ ဗျာပါရများသကဲ့သို့ ရှိရလေသည်။ ပရိတ္တာရုံဝီထိဝယ် ဝုဋ္ဌောကိစ္စ တပ်ခိုက်မှာလည်း အစဉ်မတူသော ဘဝင်စဉ်ကို ဖြစ်စေရပြန်သည်။ ထို့ကြောင့် ကိစ္စတစ်ခု၌ ဗျာပါရများနေသောအခါ မည်သည့်အရသာကိုမျှ ကျနစွာမယူနိုင်၊ ဤသို့လျှင် အာရုံသစ်ကို ရှေးဦးစွာယူရခြင်း ဗျာပါရများသကဲ့သို့ ဖြစ်ရခြင်းတို့ကြောင့် ဥပေက္ခာဝေဒနာနှင့်သာ ယှဉ်ရသည်။

သမ္ပယုတ်အဖြစ်ကိုမှတ်သားသော ဒိဋ္ဌိ ပဋိဃ ဝိစိကိစ္ဆာ ဉာဏ်ဟူသောစေတသိက်တို့နှင့် မယှဉ်ရ ကား အဟိတ်စိတ် ၁၈ပါးလုံးဝိပ္ပယုတ်ချည်းသာဟု ပြောရိုးရှိသည်။ စိတ်ဖြစ်ဘို့ရန် အကြောင်းများပြည့်စုံလျှင် တိုက်တွန်းဘွယ်မလိုသောကြောင့် အဟိတ်စိတ် ၁၈ပါးလုံး အသင်္ခါရိကဟု ပြောရိုးရှိသည်။

ဟသိတုပ္ပါဒ်စိတ်။ ပြုံးရွှင်ခြင်းကို ဖြစ်စေတတ်၍ ဟသိတုပ္ပါဒ်စိတ်ဟု ခေါ်၏။ လောဘမူစိတ်တို့သည် လည်း ပြုံးရယ်ခြင်းကို ဖြစ်စေတတ်၏။ သို့သော် ပြုံရယ်ခြင်းကိစ္စအပြင် အခြားသော ကိုယ်မှု နုတ်မှုများ ကိုလည်း ဖြစ်စေတတ်သောကြောင့် ဟသိတုပ္ပါဒ်အမည်မရ။ ဟသိတုပ္ပါဒ်သည် ဘုရား၊ ရဟန္တာ အရှင်မြတ်တို့၌သာ ဖြစ်သောကြောင့် ဤစိတ်အရ မျက်စိပွင့်ရုံပြုံးခြင်းနှင့် သွားအနည်းငယ် ပေါ်ရုံပြုံခြင်းကိုသာ ယူပါ။ အသံထွက်အောင် ရယ်ခြင်း၊ ပခုံးဦးခေါင်းလှုပ်အောင်ရယ်ခြင်း၊ မျက်ရည်ထွက်အောင် ရယ်ခြင်း၊ လက်ခြေအင်္ဂါပြစ်လွှဲ၍ ရယ်ခြင်းတို့ကို မယူရ။ * (သင်္ဂြိုဟ်ဘာသာဋီကာ ၅၁-၆၂)*

ဟသိတုပ္ပါဒ်စိတ်နှင့်စပ်၍ မှတ်သားဖွယ်

ဟသိတုပ္ပါဒ်စိတ်သည် ပုထုဇဉ် သေက္ခတိုနှင့် မဆက်ဆံသော ရဟန္တာအရှင်မြတ်တို့၌သာ ဖြစ်သော စိတ်ဖြစ်သည်။ ဤစိတ်သည် ခြောက်ဒွါရလုံး၌ ဖြစ်နိုင်သည်။

စက္ခုဒွါရ၌ဖြစ်ပုံ-ကမ္မဌာန်းအားထုတ်ဖို့ သင့်လျော်သော နေရာကို မြင်ရသောအခါ၌ ဤစိတ်ဖြင့် ပြုံးသည်။

သောတဒွါရ၌ဖြစ်ပုံ-သံဃိကပစ္စည်း "ဝေပေးရာ၌ တပည့်တော်အတွက်ပေးပါ၊ ဆရာအတွက်ပေးပါ" စသည်ဖြင့်ကျယ်လောင်စွာပြောသံကို ကြားရသောအခါ "ငါသည် ပစ္စည်း၌တက်မက်သော လောဘကို ပယ်ပြီပြီ"ဟု သိပြီး ဤစိတ်ဖြင့်ပြုံးသည်။

ဃာနဒွါရ၌ဖြစ်ပုံ-အမွှေးနံ့သာတို့ဖြင့်လည်းကောင်း, ပန်းတို့ဖြင့်လည်းကောင်း စေတီကို ပူဇော်ရာ၌ ဤစိတ်ဖြင့် ပြုံးတော်မူသည်။

ဇိဝှါဒွါရ၌ဖြစ်ပုံ-ကောင်းမွန်သောဆွမ်းကိုရ၍ အတူနေရဟန်းတို့အား ခွဲဝေလှူဒါန်း၍ ဘုန်းပေးရာအခါ၌ "အသက်ထက်ဆုံးအောင့်မေ့အပ်သော သာရဏီယဝတ်ကို ကျင့်ရပေပြီ"ဟုတွေး၍ ဤစိတ်ဖြင့် ပြုံးသည်။

ကာယဒွါရ၌ဖြစ်ပုံ-ဘုရားရှင် ညွှန်ကြားသော ဆရာ့ဝတ်ကို လိုက်နာသည့်အနေဖြင့် မျက်နှာသစ်ရေ သွား တိုက်တံ စသည်ကို ဆက်ကပ်ရသောအခါ " ငါသည် ဆရာ့ဝတ်ကို ကျင့်ရပေပြီ"ဟု သိပြီး ဤ စိတ်ဖြင့် ပြုံးသည်။

မနောဒွါရ၌ဖြစ်ပုံ-အလောင်းတော်ဘဝ ဖြည့်ကျင့်ခဲ့သော ပါရမီတို့ကို ဆင်ခြင်၍ ဘုရားရှင်ပြုံးတော်မူရာ၌ လည်းကောင်း, နောင်အနာဂတ်၌ ပစ္စေကဗုဒ္ဓါဖြစ်မည့်သူကို တွေ့မြင်ရာအခါ၌လည်းကောင်း ဤစိတ်ဖြင့် ပြုံးသည်။

ဤနေရာစဉ်းစားဖွယ်

ဖော်ပြပါ သဘောတရားများအရ ဘုရားရှင်သည် ဉာဏသမ္ပယုတ်မဟုတ်သော ဟသိတုပ္ပါဒ်စိတ်ဖြင့် ပြုံးလျှင် ပြုံးမှုကာယကံ ပြုရာ၌ ဉာဏ်မပါဘဲ ပြုလုပ်သည်ဟု ဆိုရာရောက်၏။ ထို့သို့ဖြစ်လျှင် ဘုရားရှင် ၏ ကာယကံ ဝစီကံ မနောကံ သုံးပါးသည် ဉာဏ်တော်ရှေ့သွားရှိ၏ ဟူသော စကားသည် မှားရာသည်။ သို့သော် ဤကဲ့သို့ မမှတ်သင့်ပါ။

ရဟန္တာသည် ပဉ္စဒွါရနှင့် အာရုံထိတွေ့ရာ၌ ဟသိတုပ္ပါဒ်စိတ်ဖြင့် ဝမ်းမြောက်ရုံ သောမနဿဖြစ်ရုံ မျှသာ ဖြစ်နိုင်သည်။ မပြုံးနိုင်သေး။ ပြုံးခြင်းဝိညတ်ကို ပဉ္စဒွါရိက ဟသိတုပ္ပါဒ်ဇောစိတ်က မဖြစ်စေနိုင်။ မနောဒွါရိက ဟသိတုပ္ပါဒ်ဇောစိတ်ကသာ ပြုံးရွှင်စေသည်။ သို့သော် ဤဟသိတုပ္ပါဒ်ဇောသည် အတိတ်ကို သိသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်, အနာဂတ်ကိုသိသော အနာဂတသဉာဏ် စသည်တို့ဖြစ်ပြီးမှသာ နောက် ကလိုက်၍ ဖြစ်ရသောကြောင့် ဗုဒ္ဓ၏ပြုံးတော်မူခြင်းသည် ဉာဏ်တော်ရှေ့သွားရှိသည်ဟု ယူသင့်ပေသည်။ (နိဗ္ဗာမဂ္ဂဂါမိနီပဋိပဒါကျမ်းမှ ကောက်နုတ်ချက်)