ကာမသောဘနစိတ် ၂၄-ပါး

(က) မဟာကုသိုလ်စိတ် ၈-ပါး

စကားလုံးရှင်းလင်းချက်

ပျော်ရွင်ဝမ်းမြောက်မှုကို သောမနဿသဟဂုတ်ဟု ဆိုသည်။ ပျော်လည်းမပျော်, စိတ်လည်းမညစ်သော စိတ်မျိုးကို ဥပေက္ခာသဟဂုတ်စိတ်ဟု ဆိုသည်။ စိတ်အားထက်သန််စွာ ပြုလုပ်မှုကို အသင်္ခါရိက ဟု ဆို သည်။ စိတ်မပါတပါ ပြုလုပ်မှုကို သသင်္ခါရိက ဟု ဆိုသည်။ ကံ နှင့် ကံ၏အကျိုးကို နားလည်သည့်ဉာဏ် ပါ သည့် စိတ်ကို ဉာဏသမ္ပယုတ်ဟုခေါ်သည်။ ကံ နှင့် ကံ၏အကျိုးကို နားလည်သည့်ဉာဏ် မပါသည့် စိတ် ကို ဉာဏဝိပ္ပယုတ်ဟုခေါ်သည်။ (ဉာဏ-ဉာဏ်၊ သမ္ပယုတ်-ပါရှိခြင်း၊ ဝိပ္ပယုတ်-မပါရှိခြင်း)

မဟာကုသိုလ်စိတ် ၈-ပါး ဖြစ်ပုံ

အပါယ်လေးဘုံသား, ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ် ပုဂ္ဂိုလ်များ ဒုစရိုက်မှ ရှောင်ကြဉ်သောအခါ, ပုညကြိယာဝတ္ထု ၁ဝ-ပါး ပြုကျင့်အားထုတ်သောအခါ မဟာကုသိုလ်စိတ် ၈-ပါးဖြစ် သည်။ ဥပမာ-ဒါန၏အကျိုးကို နားလည်၍ စိတ်အားထက်ထက်သန်သန် ဝမ်းပန်းတသာ ဘုရားဆင်းတုအား ဆွမ်းတော်တင်ရာတွင် သောမနဿဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကစိတ်ဖြစ်သည်။ ဒါန၏အကျိုးကို နားလည်၍ ဝမ်းပန်းတသာဖြစ်သော်လည်း စိတ်အားမထက်သန်ပဲ ဘုရားဆင်းတုအား ဆွမ်းတော်တင်ရာတွင် သောမနဿဟဂုတ် ဉာဏသမ္ပယုတ် သသင်္ခါရိကစိတ်ဖြစ်သည်။

ကုသလကမ္မပထ (သို့မဟုတ်) သုစရိုက် ၁ဝ-ပါး

ဒုစရိုက် ၁ဝပါးမှ ရှောင်ကြဉ်ခြင်းကို သုစရိုက်ဟုခေါ်သည်။ ကုသလကမ္မပထဟုလည်း ခေါ်သည်။

ကာယကံ ၃-ပါး

ဝစီကံ ၄-ပါး

မနောကံ ၃-ပါး

ပုညကြိယဝတ္ထု ၁ဝ ပါး

(ကောင်းသောအကျိုး၏တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကိုသုလ်)

ဒါန

စွန့်ကြဲပေးကမ်းလှူဒါန်ခြင်းကို ဒါနဟုခေါ်သည်။ ဒါနက စေတနာဒါန ဝတ္ထုဒါန ဟု နှစ်မျိုးရှိသည်။ ပေးလှူကြောင်း ဖြစ်သော စေတနာကို စေတနာဒါန၊ ပေးလှူစရာပစ္စည်းကို ဝတ္ထုဒါနဟုခေါ်သည်။ ဒါနစေတနာသည် ပုဗ္ဗစေတနာ မုဉ္စစေတနာ အပရစေတနာဟု သုံးမျိုးရှိ၏၊ ထိုတွင် လှူဒါန်းပေးကမ်းမည်ဟု ကြံစည်သည်မှစ၍, လှူဘွယ်ဝတ္ထုမရှိသေးလျှင် လှူဘွယ်ဝတ္ထု ရှာဖွေစုဆောင်းသည်မှစ၍ မစွန့်လွှတ်မလှူဒါန်းမှီ ရှေးအဖို့၌ ဒါနနှင့်ဆက်သွယ်၍ သိန်းသန်းကုဋေမက ဖြစ်ဖြစ်သမျှ စေတနာတွေသည် ပုဗ္ဗစေတနာမည်၏။ စွန့်လွှတ်လှူဒါန်းဆဲ (ဒေမိ-လှူပါ၏ ဟု လျှောက်တုန်း, ဆက်ကပ် ပေးကမ်းနေတုန်း) အခိုက်မှာဖြစ်သော စေတနာတွေသည် မုဉ္စစေတနာမည်၏၊ စွန့်ကြဲပေးကမ်းလှူဒါန်းပြီးနောက် ထိုဒါနကို သတိရတိုင်း ဝမ်းသာအားရဖြစ်သော စေတနာသည် အပရစေတနာမည်၏။ (ဘာဋီ)

ပုဗ္ဗစေတနာ အပရစေတနာတို့သည်အားကြီးသော ဗလဝပစ္စည်းကို ရကုန်မှသာလျှင် ပဋိသန္ဓေကျိုးကို ပေးနိုင်ကုန်၏။ ဗလဝပစ္စည်းကို မရကုန်လျှင် ပဋိသန္ဓေကျိုးကို မပေးနိုင်ကုန်။ (သံခိပ်ဋီကာ)

သီလ

သီလစောင့်ထိန်းသည့် ကုသိုလ်စေတနာ။ လူတွေအတွက် ငါးသီလ၊ ကိုရင်တွေအတွက် ကိုရင်သီလ၊ ရဟန်းတော်တွေ အတွက် ရဟန်းသီလ၊ စောင့်ထိန်းနေသည့်အခါ သီလကုသိုလ်စေတနာတွေ ဖြစ်နေတယ်။

ဘာဝနာ

တရားအားထုတ်တဲ့ကုသိုလ်။ သမထဘာဝနာ ဝိပဿနာဘာဝနာ ဆိုပြီး နှစ်မျိုးရှိတယ်။ စိတ်စင်ကြယ်သန့်ရှင်းအောင် စိတ်တည်ငြိမ်အေးချမ်းအောင် သတွာတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေလို့ မေတ္တာပွားများလျှင် သမထဘာဝနာ၊ ဘုရားရှင်ရဲ့ အရဟံ အစ ဘဂဝါ အဆုံးရှိတဲ့ ဂုဏ်တွေကို အာရုံပြုနေလျှင် သမထဘာဝနာကုသိုလ် ဖြစ်နေသည်။ ဝိပဿနာဘာဝနာဆိုတာက မမြဲခြင်းအနိစ္စသဘော, ဆင်းရဲခြင်းဒုက္ခသဘော, အစိုးမရခြင်း အနတ္တသဘောတွေကို သိမြင်လာအောင် မြင်စိတ်ကြားစိတ်တွေ ပေါ်လာတိုင်းပေါ်လာတိုင်း သိအောင်လုပ်နေခြင်းဖြစ်သည်၊ မြင်တယ်ကြားတယ် ထိုင်တယ်ထိတယ်လို့ မှတ်သိ, သိနေခြင်းဖြစ်သည်။ အဲဒီလို ဘာဝနာတွေ ပွားများနေရင် ပွားများသလောက် ကုသိုလ်စေတနာ တွေ ထပ်ခါထပ်ခါ ဖြစ်နေသည်။

အပစာယန

အရိုအသေပေးတဲ့ကုသိုလ်။ ရဟန်းသံဃာ မိဘ ဆရာသမား အသက်သိက္ခာ ဂုဏ်ဝါကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို လာဘ်လာဘ မမျှော်ကိုးပဲ ခရီးဦးကြိုဆိုမှုပြုတဲ့အခါ ရှိခိုးဝတ်ချတဲ့အခါ အပစာယနကုသိုလ်ဖြစ်နေသည်။

ဝေယျာဝစ္စ

ရဟန်းသံဃာ မိဘ ဆရာသမား အသက်သိက္ခာ ဂုဏ်ဝါကြီးမားတဲ့ ပုဂ္ဂိုလ်, ဂိလာန သီတင်းသုံးဘော် သူငယ်ချင်းတွေရဲ့ အပြစ်ကင်းတဲ့ကိစ္စတွေကို ကူညီဆောင်ရွက်ပေးတဲ့အခါဝေယျာဝစ္စ ကုသိုလ်စေတနာတွေ ဖြစ်နေသည်။

ပတ္တိဒါန

ရဟန်းသံဃာတော်ကို ဆွမ်းကပ်ပြီးတဲ့အခါ ဘုရားရှိခိုးပြီးတဲ့အခါ ဘုရားကို ရေကပ်ပန်းကပ် ဆီးမီကပ် စသည့် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီးတဲ့အခါ ကိုယ်ရတဲ့ကုသိုလ်ကို တစ်ယောက်ယောက်ကိုပဲဖြစ်ဖြစ် သတ္တဝါအားလုံးကိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ထပ်တူညီမျှ ရပါစေဆိုတဲ့စိတ်နဲ့ အမျှဝေတဲ့အခါ ပတ္တိဒါန ကုသိုလ်ဖြစ်နေသည်။

ဤသို့ မိမိ၏ကုသိုလ်အဘို့ကို အမျှပေးဝေမှုကြောင့် မူလကုသိုလ်ရှင်မှာ ကုသိုလ်ရော့သွားသည်မဟုတ်၊ ဖယောင်းတိုင်တတိုင်ကို မီးထွန်းထားရာ၌ အခြားဖယောင်းတိုင်များဖြင့် မီးကူးယူသော်လည်း မူလ ဖယောင်းတိုင်မှာ မီးအချိန်မလျော့သည့်ပြင် နောက်ထပ် အရောင်အလင်းအကူအညီရသဖြင့် ပို၍လင်းသကဲ့သို့ ထို့အတူ မူလကုသိုလ်ရှင်မှာလည်း ကုသိုလ်အရှိန် မလျော့သည့်ပြင် ပတ္တိဒါနကုသိုလ်ပင် အပိုရသေး၏။

ပတ္တာနုမောဒန

သူတပါးတွေက ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရင် ပတ္တာနုမောဒနကုသိုလ်ရတယ်။ ဤ၌ ဥဒ္ဒိဿကပတ္တိ=ပြိတ္တာဖြစ်နေသူ တစုံတယောက်ကို သီးခြားရည်စူး၍ ပေးအပ်သော အဖို့၊ အနုဒ္ဒိဿကပတ္တိ=တစုံတယောက်အတွက် မဟုတ်ပဲ သတွာအများကို ပေးအပ်သော အဖို့ဟု နှစ်မျိုးရှိ၏။ ဘုရားရှင် ပွင့်တော်မူခါစ၌ ဗိမ္ဗိသာရမင်း၏ ဆွေမျိုးဟောင်း ပြိတ္တာတို့ သည် ဗိမ္ဗိသာရမင်း၏ ကုသိုလ်ကို သာဓုခေါ်မည်ဟု မျှော်လင့် နေကြရာ ပထမအကြိမ် ဝေဠုဝန်ကျောင်း ရေစက်ချပွဲမှာ အမျှမဝေမိ၍ သာဓု မခေါ်ရသဖြင့် ညဉ့်ကာလ၌ ကိုယ်ထင်ပြ ကြလေသည်။ နံနက်လင်း၍ ဘုရားရှင်အား လျှောက်ရာ ပြိတ္တာတို့၏ဖြစ်ပုံကို ဟောတော်မူသောကြောင့် ဒုတိယတဖန် ဆွမ်းစသည်ကိုလှူ၍ အမျှပေးဝေမှ သာဓုခေါ်ကြရသတဲ့၊ အနုဒ္ဒိဿကပတ္တိကို သာဓုခေါ်ရာ၌ ဒိဋ္ဌဓမ္မ(လက်ငင်း)အကျိုးပေးသော ဝတ္ထုသာဓက မတွေ့ပါ၊ ကုသိုလ်ရှင်က အမျှမပေးအပ်ပဲ သာဓုခေါ်ရသော အနုမောဒနကုသိုလ်များလည်း အနုဒ္ဒိဿကပတ္တိကို သာဓုခေါ်သော ပတ္တာနုမောဒနနှင့် အကျိုးပေး ကွာခြားလှမည် မထင်။ (ဘာဋီ)

သူတပါးတို့ကအမျှမဝေပဲ မိမိကအလိုလို ဝမ်းမြာက်မှုသည် ဥဒ္ဒိဿကပတ္တိ အနုဒ္ဒိဿကပတ္တိ ဟူသော ပတ္တိထဲတွင်မပါဝင်၍ ပတ္တာနုမောဒနမဟုတ်။ (ပေးပို့အပ်, ရောစေအပ်သောကြောင့် ပတ္တိမည်၏။ ဝမ်းမြာက် သော သူတပါးတို့ ရသင့်ရထိုက်သော ကုသိုလ်အဘို့သည် ဤအရာ၌ ပတ္တိမည်၏။) (သံခိပ်ဋီကာ)

ဓမ္မဿဝန

"အင်မတန် တရားနာလေ့ရှိတယ်၊ အလွန်သူတော်ကောင်းတာပဲ"စသည်ဖြင့် သူတပါးတို့ ချီးမွမ်းခြင်းကို မတောင်းတဘဲ အသိအလိမ္မာ တိုးပွာစေလို တဆင့်ဟောပြောလိုသော စိတ်ဖြင့် တရားနာရင် ဓမ္မဿဝနကုသိုလ်ရသည်။

ဓမ္မဒေသနာ

လာဘ သက္ကာရ ယသ သိလောကတို့ကို မတောင်းတဘဲ သတ္တဝါများ၏ စီပွားချမ်းသာအလို့ငှါ တကယ်ဖြူ စင်တဲ့စေတနာနဲ့ ဟောပြမှုသည် ဓမ္မဒေသနာကုသိုလ်မည်၏။ လှုဘွယ်ပစ္စည်းကို လာဘ၊ ဒကာဒကာမတွေက ရိုသေလေးမြတ်မှုကို သက္ကာရ၊ အခြွေအရံကို ယသ၊ အကျော- ်အစော ဂုဏ်သတင်းနာမည်ကြီးခြင်းကို သိလောက၊ အဲဒါတွေကို မမျှော်ဘဲ တရားဟောရင် စာသင်ပေးရင် ဓမ္မဒေသနာကုသိုလ်ရ၏။ အပြစ်ကင်းတဲ့ လက်မှုပညာ နှုတ်မှုပညာတွေ သင်ပေးရင်လည်း ကုသိုလ်ဖြစ်နေသည်။

ဒိဋ္ဌိဇုကမ္မ

ကံနှင့် ကံ၏အကျိုးကို ယုံကြည်ခြင်းသည် ဒိဋ္ဌိဇုကမ္မမည်၏။ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ၊ ပစ္စည်းဥစ္စာတို့မှာ ကိုယ်ပိုင်ဥစ္စာမဟုတ်၊ ဘဝတပါးပြောင်သွားရတဲ့အခါ ကိုယ်ပြုထားတဲ့ကံသာ ကိုယ်နောက်အစဉ်အဆက် လိုက်ပါမှာပဲ လို့ စဉ်းစားမိတိုင်း ဒိဋ္ဌုဇုကမ္မကုသိုလ်ဖြစ်နေ၏။ ဒီ ဒိဋ္ဌုဇုကမ္မနဲ့ ကုသိုလ်ပြုရင် တနည်းပြောရရင် ကံနဲ့ ကံ၏အကျိုးကို ယုံကြည်ပြီး ကုသိုလ်ကောင်းမှုလုပ်ရင် ပိုပြီး ကုသိုလ်ရသည်။ ဉာဏသမ္ပယုတ်ကုသိုလ်ရသည်။

ကုသိုလ် / အကုသိုလ်၏ အကြောင်းရင်း ဟိတ် ၆-ပါးကို ကြောင်းကျိုးဆက်ပြခြင်း

အလောဘ, အဒေါသ, အမောဟတို့တွင် အလောဘသည် မစ္ဆေရအညစ်အကြေး၏ ဆန့်ကျင် ဘက်ဖြစ်သည်၊ အဒေါသသည် ဒုဿီလ အညစ်အကြေး၏ ဆန့်ကျင်ဘက်ဖြစ်သည်၊ (များစွာသော သီလပျက်မှုများသည် ဒေါသကို အရင်းခံလျက် ရှိတတ်၏၊ လောဘပြဋ္ဌာန်းသော အဒိန္နာဒါနသော်မှ ဥစ္စာရှင်ကို မုန်းသော ဒေါသအရင်းခံလျက် ရှိတတ်သေး၏) အမောဟသည် ကုသိုလ်ကို ပိတ်ဆို့တတ်သော မောဟ (နီဝရဏ) ၏ ဆန့်ကျင်ဘက်ဖြစ်သည်၊

အလောဘသည် ဒါန၏ အကြောင်းတည်း၊ အဒေါသသည် သီလ၏ အကြေင်းတည်း၊ အမောဟသည် ဘာဝနာ၏ အကြောင်းတည်း။

လောဘကြီးသူသည် အပိုအလွန်ကို ယူတတ်၏၊ အလောဘသည် အပိုအလွန်ကို မယူ၊ (မိမိနှင့်စပ် သော ဂုဏ်မရှိသူအပေါ်၌ မိမိ ဂုဏ်ရှိသလို ပြောဆိုခြင်းသည် အပိုအလွန်ယူခြင်းမည်၏) ဒေါသကြီးသူသည် လျော့၍ ယူတတ်၏၊ အဒေါသသည် လျော့မယူတတ်၊ (မိမိမုန်းသူ၌ ရှိနေသောဂုဏ်ကို ချေဖျက်၍ ဂုဏ်မရှိဟု ပြောဆိုခြင်းသည် လျော့၍ ယူခြင်းမည်၏) မောဟသည် ဖောက်ဖောက်ပြန် ယူတတ်၏၊ အမောဟ(ပညာ) သည် မဖောက်မပြန်ယူတတ်၏။

အလောဘသည် အပြစ်ကို ဝန်ခံတတ်၏၊ လောဘသည် အပြစ်ကိုဖုန်း၏။ အဒေါသသည် ဂုဏ်ကျေးဇူးကို အသိ အမှတ်ပြု၏၊ ဒေါသသည် ဂုဏ်ကျေးဇူးကို ချေဖျက်တတ်၏၊ အမောဟသည် အမှန်အတိုင်း သိ၏၊ မောဟသည် အမှားကို သိ၏။

လောဘသည် ချစ်ခြင်းသဘောရှိ၍ အလောဘကြောင့် ချစ်သူနှင့် ကွေကွင်းရခြင်း ဒုက္ခမဖြစ်၊ ဒေါသသည် သီးမခံနိုင်ခြင်းသဘောရှိ၍ အဒေါသကြောင့် မုန်းသူနှင့် တွဲနေရခြင်းဒုက္ခ မဖြစ်၊ မောဟသည် တွေဝေခြင်းသဘောရှိ၍ အမောဟကြောင့် လိုချင်တာကို မရခြင်းဒုက္ခ မဖြစ်။ မှန်၏- အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်ဟု သိလျှင် မအိုပါစေနဲ့ဟု တောင့်တမှုမဖြစ်၊ ထိုသို့မဖြစ်၍ အလိုမပြည့်သည့် ဒုက္ခလည်း မဖြစ်တော့။

လောဘကြောင့် ဇာတိဒုက္ခဖြစ်၏၊ အလောဘကြောင့် ဇာတိ ဒုက္ခမဖြစ်တော့၊ ဒေါသကြောင့် ဇရာဒုက္ခဖြစ်၏၊ အဒေါသကြောင့် ဇရာဒုက္ခမဖြစ်။ မှန်၏-ဒေါသအားကြီးသူသည် ပို၍ အိုလွယ်၏။ မောဟကြောင့် မရဏဒုက္ခဖြစ်၏၊ အမောဟကြောင့် မရဏဒုက္ခမဖြစ်၊ မှန်၏-တွေတွေဝေဝေ သေရလျှင် ဆင်းရဲ၏။

အလောဘသည် လူတို့အတွက် ချမ်းချမ်းသာသာ ပေါင်းသင်းရကြောင်း ဖြစ်သည်၊ မှန်၏- အလောဘကြောင့် လယ်ယာစသည်အတွက် ငြင်းခုံခြင်း မဖြစ်။ အမောဟသည် ရဟန်းတို့အတွက် ချမ်းချမ်းသာသာ ပေါင်းသင်းရကြောင်း ဖြစ်သည်၊ မှန်၏-အမောဟကြောင့် အယူဝါဒအတွက် ငြင်းခုံခြင်း မဖြစ်။ အဒေါသသည် ရဟန်းရှင်လူတို့၏ ချမ်းချမ်းသာသာ ပေါင်းသင်းရကြောင်း ဖြစ်သည်။

လောဘကြောင့် ဥစ္စာစသည်၌ တက်မက်မှုဖြစ်၍ ပြိတ္တာဖြစ်ရသည်၊ အလောဘကြောင် ပြိတ္တာမဖြစ်ရ။ ဒေါသကြောင့် ကြမ်းတမ်းသဖြင့် ကြမ်းတမ်းသည့် သဘောရှိသော ငရဲ၌ ဖြစ်ရသည်။ အဒေါသကြောင့် ငရဲ၌ မဖြစ်ရ။ မောဟကြောင့် တွေဝေသဖြင့် တိရိစ္ဆာန်၌ ဖြစ်ရ၏၊ အမောဟကြောင့် တိရိစ္ဆာန်မဖြစ်ရ။

လောဘကြောင့် ရာဂဖြင့် မိတ်ဆွေဖွဲ့၏၊ အလောဘကြောင့် ထိိုသို့ မဖြစ်။ ဒေါသကြောင့် မတဲ့သည့်အခါ ကွဲပြန်၏၊ အဒေါသကြောင့် ထိုသို့ မဖြစ်။ မောဟကြောင့် လျစ်လျူ မရှုနိုင်သည့်အတွက် ဒေါသဖြင့် မုန်း၏, လောဘဖြင့် ချစ်၏၊ အမောဟကြောင့် ချစ်ခြင်းမုန်းခြင်း မဖြစ်။

အလောဘကြောင့် ကျန်းမာ၏၊ မှန်၏-လောဘမကြီးသူသည် မသင့်တော်သော ဥတု အိပ်ရာနေရာ အဟာရ စသည်ကို မမှီဝဲ။ အဒေါသကြောင့် နုပျို၏၊ မှန်၏-ဒေါသသည် အရေတွန့်ခြင်း ဆံဖြူခြင်းကို ဖြစ်စေတတ်သည်။ အမောဟကြောင့် အသက်ရှည်၏၊ မှန်၏- ပညာရှိသူသည် အစီးအပွားမဲ့ကို ရှောင်၍ မိမိ အစီးအပွားကိုသာ မှီဝဲ၏။ (အသက် ဉာဏ်စောင့်-ဟူလို)

အလောဘကြောင့် စီးပွါးချမ်းသာ ရ၏၊ မှန်၏-လောဘမကြီးသူသည် လှူ၏၊ အဒေါသကြောင့် မိတ် ဆွေ ပြည့်စုံ၏၊ မှန်၏-ဒေါသကြီးရင် မိတ်ဆွေမရ, ရပြီးမိတ်ဆွေနှင့်လည်း ကွဲတတ်သည်။ အမောဟကြောင့် မိမိကိုယ်ကို ပြည့်စုံစေသည်၊ မှန်၏-ပညာရှိသူသည် အစီးအပွားမဲ့ကို ရှောင်၍ မိမိ အစီးအပွားကိုသာ မှီဝဲ၏။ (အရာအားလုံးအတွက် လုပ်သင့် မလုပ်သင့် ရှင့်ချိန်နိုင်လျှင် အရာရာ အဆင်ပြေနိုင်သည်)

(အဋ္ဌသာလိနီအဋ္ဌကထာ ၁၇ဝ-၁၇၃ ၁၉၉-၂ဝဝ၊ ဘာဋီ ဒု ၃၂၅-၃၁၆)

ကုသိုလ်ပြုစဉ် လောဘ ခြံရံလျှင် လောဘကြီးသူဖြစ်တတ်သည်၊ ကုသိုလ်ပြုစဉ် ဒေါသခြံရံလျှင် ဒေါသကြီးသူဖြစ်တတ်သည်၊ ကုသိုလ်ပြုစဉ် မောဟခြံရံလျှင် မောဟကြီးသူဖြစ်တတ်သည်။ လောဘဒေါသ ခြံရံလျှင် လောဘဒေါသကြီးသူ၊ လောဘ မောဟ ခြံရံလျှင် လောမောဟကြီးသူ၊ ဒေါသမောဟ ခြံရံလျှင် ဒေါသမောဟကြီးသူ ဖြစ်တတ်သည်။ လောဘကြီးလျှင် အလောဘအားနည်း၏၊ ဒေါသကြီးလျှင် အဒေါသအားနည်း၏၊ မောဟကြီးလျှင် အမောဟ (ပညာ) အားနည်း၏။

( အဋ္ဌသာလိနီအဋ္ဌကထာ ၃ဝ၈-၃ဝ၉၊ ဘာဋီ တ ၂၉၁-၂၉၃)

မဟာကုသိုလ်စိတ် ၈-ပါးဖြစ်ပုံ

ကျောင်းတိုက် အစွန်အဖျားမှာနေသော အချို့ ရဟန်းတို့သည် စေတီရင်ပြင်ကို တံမျက်လှည်းချိန်, ဆရာတော်ကို ဆည်းကပ်ရာအချိန်, တရားနာရန်အချိန် ရောက်သည့်အခါ "သွားရမှာ အဝေးကြီး၊ မသွားတော့ပါဘူး"ဟု စဉ်းစားပြီးမှ"ရဟန်းဆိုတာ စေတီကို တံမျက်လှည်းဖို့ ဆရာတော်ထံသွားဖို့ တရားနာဖို့ မသွားရင် မကောင်းဘူး"ဟု တဖန်စဉ်းစားပြီးပြုလုပ်ဆောင်ရွက်လျှင် ဒုတိယမဟာကုသိုလ်စိတ်ဖြစ်သည်။

ကလေးငယ်တို့ ရဟန်းတော်ကို မြင်သည့်အခါ "ဤရဟန်းသည် ငါတို့၏ ရဟန်း"ဟု နှလုံးသွင်း၍ ရှိခိုးသည်အခါ စသည်တို့၌ တတိယမဟာကုသိုလ်စိတ်ဖြစ်သည်။

မိဘတို့က ကလေးငယ်တို့၏ ဦးခေါင်းကို ကိုင်နှိပ်၍ စေတီတော် ရဟန်းတော်စသည်တို့ကို ဝတ်ချစေရာ အခါတို့၌ ကလေးငယ်တို့သည် ပင်ကိုယ်က ရှိမခိုးလိုသော်လည်း ရှိခိုးသည့်အခါ အားရဝမ်းသာ ရှိခိုးရာ၌ စတုတ္ထမဟာ ကုသိုလ်စိတ်ဖြစ်သည်။

(အဋ္ဌသာလိနီအဋ္ဌကထာ ၁၉၉-၂ဝဝ၊ ဘာဋီ ဒု ၄၂၆-၄၃၂)

မဟာကုသိုလ်၏ အကျိုးအာနိသင် အစဉ်

ဥပေက္ခာသဟဂုတ်ထက် သောမနဿသဟဂုတ်၊ ဉာဏဝိပ္ပယုတ်ထက် ဉာဏသမ္ပယုတ်၊ သသင်္ခါရိကထက် အသင်္ခါရိကစိတ်က သာလျှင် မဟပ္ဖလ မဟာနိသံသ ဖြစ်သောကြောင့် ထိုစိတ်ရှစ်ခုတွင် အဋ္ဌမစိတ်ထက် သတ္တမစိတ်၊ ဆဋ္ဌမစိတ်ထက် ပဉ္စမစိတ်၊ စတုတ္ထစိတ်ထက် တတိယစိတ်၊ ဒုတိယ စိတ်ထက် ပထမစိတ်က ပို၍ အကျိုးကြီးမားလေသည်။

(အဘိဓမ္မတ္ထသရူပဒီပက ၁၄၆)

မဟာကုသိုလ်စိတ်ဖြစ်ပုံ

ပေးလှူအံ့ဟု ကြံစည်ရာအခါ, ပေးလှူဆဲအခါ, ပေးလှူပြီးပြီဟု ကြံစည်ရာအခါတို့၌ မဟာကုသိုလ်စိတ် ရှစ်ပါးတွင် တပါးပါးဖြစ်၏။ သီလကိုဖြည့်ကျင့်အံ့ဟု ကြံစည်ရာအခါ, ဖြည့်ကျင့်ဆဲအခါ, ဖြည့်ကျင့်ပြီးပြီဟု ဆင်ခြင်ရာ အခါတို့၌ လည်ကောင်း၊ တရားအားထုတ်အံဟု ကြံစည်ရာအခါ, အားထုတ်ဆဲအခါ, အားထုတ်ပြီးပြီဟု ကြံစည်ရာအခါတို့၌လည်းကောင်း၊ အရိုအသေပြုအံ့ဟု ကြံစည်ရာအခါ, ပြုဆဲအခါ, ပြုပြီးပြီဟု ကြံစည်ရာအခါတို့၌လည်းကောင်း၊ ဝေယျာဝစ္စပြုအံ့ဟု ကြံစည်ရာ အခါ, ပြုဆဲအခါ, ပြုပြီးပြီဟု ကြံစည်ရာအခါတို့၌လည်းကောင်း၊ အမျှဝေအံ့ဟုကြံစည်ရာအခါ, အမျှဝေဆဲအခါ, အမျှဝေပြီး ပြီဟု ကြံစည်ရာအခါတို့၌လည်းကောင်း၊ သာဓုခေါ်အံ့ဟုကြံစည်ရာအခါ, သာဓုခေါ်ဆဲအခါ, သာဓုခေါ်ပြီးပြီဟု ကြံစည်ရာ အခါတို့၌လည်းကောင်း တရားကိုဟောအံ့ဟုကြံစည်ရာအခါ, ဟောဆဲအခါ, ဟောပြီးပြီဟု ကြံစည်ရာအခါတို့၌လည်ကောင်း၊တရားကိုနာအံ့ဟု ကြံစည်ရာအခါ, နာဆဲအခါ,နာပြီးပြီဟု ကြံစည်ရာအခါတို့၌လည်းကောင်း မဟာကုသိုလ်စိတ် ရှစ်ပါးတွင် တပါးပါးဖြစ်၏။ အယူကိုဖြောင့်အောင်ပြုအံ့ဟု ကြံစည်ရာအခါ၌ မဟာကုသိုလ်စိတ် ရှစ်ပါးတွင် တပါးပါးဖြစ်၏။ အယူကို ဖြောင့်အောင်ပြုဆဲအခါ၌ မဟာကုသိုလ်စိတ် ဉာဏသမ္ပယုတ်လေးပါးတွင် တပါးပါးဖြစ်၏။ အယူကို ဖြောင့်အောင် ပြုပြီးပြီဟုကြံစည်ရာအခါ၌ မဟာကုသိုလ်စိတ် ရှစ်ပါးတွင် တပါးပါးဖြစ်၏။

(အဋ္ဌသာလိနီအဋ္ဌကထာ ၂ဝ၁-၂ဝ၄၊ ဘာဋီ ဒု ၄၃၃-၄၄၂၊ သြ၈ိုဟ်ဘာဋီ ၃၈၈-၃၉၇)

အာရုံ ၆ ပါးနှင့် မဟာကုသိုလ်စိတ်ဖြစ်ပုံ

ကုသိုလ်စိတ်ဖြစ်တာဟာ အဆင်းကိုလည်း အာရုံပြုပြီးတော့ ဖြစ်တယ်။ မျက်စိနဲ့ စေတီတော်ကို မြင်ရရင် အဆင်းကို ရှေးဦးစွာ မြင်ရတာပဲ၊ မြင်ပြီးတော့ အဲဒီ အဆင်းကို ကြည်ညိုတဲ့ စိတ်ကလေးတွေ ဖြစ်သွားရင် အဲဒါဟာ ကုသိုလ်စိတ် ဖြစ်သွားတာပဲ၊ ရဟန်းသံဃာတော်တွေကို မြင်ရရင်လဲ ပထမတော့ အဆင်းကို မြင်ရတာပဲ မြင်ပြီးတော့မှ ကြည်ညိုစိတ်ဖြစ်တယ်၊ အဲဒါလဲပဲ ကုသိုလ်စိတ်ဖြစ်တာပဲ၊ လှူဒါန်းစရာ အာရုံဝတ္ထုပစ္စည်းကို ယူလာတဲ့အခါ အဲဒီဝတ္ထုပစ္စည်းကို လှလှပပ တင့်တင့်တယ်တယ် သင်္ကန်းဖြစ်ဖြစ် ဘာဖြစ် ဖြစ်ပေါ့ အဆင်းကို အာရုံပြုပြီးတော့ ယူလာလို့ရှိရင် အဲဒါကို အာရုံပြုပြီး ကုသိုလ်စိတ်တွေ ဖြစ်နေတော့တာပဲ။

အသံကို အာရုံပြုပြီးတော့လဲ ကုသိုလ်စိတ်ဖြစ်တာလဲရှိတယ်၊ အဲဒါက အခုလိုတရားနာတဲ့အခါ ကာလမှာ အသံကို အာရုံပြုပြီး ဖြစ်တဲ့ကုသိုလ်စိတ်ပေါ့၊ အသံကို အကြောင်းပြုပြီး ကြေးစည်တို့ ခေါင်းလောင်းတို့စသည် ဒီလိုပစ္စည်းတွေကို လှူတတ်ကြတယ်၊ အခုခေတ်မှာတော့ အသံဖမ်းစက်တွေကို လှူကြတယ်၊ ဒါကတော့ တော်တော်နေရာကျတာပဲ၊ တရားတော်တွေကို အသံဖမ်းထားလိုက်လို့ရှိရင် အဘိဓမ္မာပို့ချချက်သင့်တော်တဲ့ နောင်အချိန်တွေမှာလဲ နားကြားနိုင်တာဖြစ်လို့ နေရာကျပါတယ်၊ အဲဒီ တရားသံတို့ ကြေးစည် ခေါင်းလောင်းသံတို့ အာရုံပြုပြီး ကြည်ညိုလိုက်ရင်လဲပဲ ကုသိုလ်စိတ်ဖြစ်တာပါပဲ။

အနံ့ကို အာရုံပြုပြီး ကုသိုလ်စိတ်ဖြစ်တာလဲ ရှိတာပဲ၊ ပန်းတို့ အမွေးတိုင်တို့ကို အာရုံပြုပြီး ဖြစ်နိုင်ပါတယ်၊ စားသောက်ဖွယ် အရသာတွေကို စားသောက်ပြီး အဲဒီစားဖွယ်သောက်ဖွယ် အနံ့အရသာတွေကို လှူရတန်းရတဲ့အခါ ဒီလို အနံ့အရသာတွေကို အာရုံပြုပြီးတော့လဲ ကုသိုလ်စိတ်တွေ ဖြစ်နိုင်ကြသေးတယ်တဲ့၊ ဆွမ်းခဲဘွယ်ဘောဇဉ်တွေ ဒါတွေလဲ အနံ့အရသာတွေ ထင်ရှားပါတယ်၊ အနံ့ကို ဒီလို အာရုံပြုပြီး ကုသိုလ် ဖြစ်နိုင်တယ်။

အတွေ့အထိကို အာရုံပြုပြီး ကုသိုလ်စိတ်ဖြစ်နိုင်တယ်၊ ဘယ်လိုဟာလဲဆိုရင် အိပ်ရာခင်းတို့ ခေါင်းအုန်းတို့ စသည် လှူတဲ့အခါ အတွေ့အထိနဲ့ စပ်ပြီးတော့ ကုသိုလ်ဖြစ်နိုင်တယ်၊ သဘောအာရုံဆိုတာက အသက်ရှည်ပါစေ အနာကင်းပါစေချမ်းသာပါစေ ဆိုတဲ့စေတနာနဲ့ လှူတဲ့အခါ အဲဒါကို အာရုံပြုပြီး ဓမ္မာရုံကုသိုလ်တွေ ဖြစ်နိုင်တယ်။ အဲဒီလို အာရုံခြောက်ပါး တပါးတပါးကို အာရုံပြုပြီး ကုသိုလ်ဖြစ်နိုင်ကြတယ်တဲ့။

(အဋ္ဌသာလိနီအဋ္ဌကထာ ၁၉၉-၂ဝဝ၊ ဘာဋီ ဒု ၁၁၃-၁၁၆) (မဟာစည်ဆရာတော်၏ အဘိဓမ္မာတရားတော်ကြီး ၆၆-၆၇)

သောမနဿဖြစ်ခြင်းအကြောင်များ

(အဋ္ဌသာလိနီအဋ္ဌကထာ၁၁၇၊ ဘာဋီ ဒု ၁၁၄-၁၁၇)

ဉာဏသမ္ပယုတ်ဖြစ်ခြင်းအကြောင်း

(အဋ္ဌသာလိနီအဋ္ဌကထာ ၁၁၈၊ ဘာဋီ ဒု ၁၁၉-၁၂၁၊မူလဋီကာနိဿယ ၅၆၄-၅၆၅)

မဟာဝိပါက်စိတ်ဖြစ်ပုံ

(ကုသလ) အကြောင်း မဟာကိုသုလ်-၈ (ဝိပါက) အကျိုး မဟာဝိပါက်-၈
၁။ သော-ဉာသံ-အ ၁။ သော-ဉာသံ-အ
၂။ သော-ဉာသံ-သ ၂။ သော-ဉာသံ-သ
၃။ သော-ဉာဝိ-အ ၃။ သော-ဉာဝိ-အ
၄။ သော-ဉာဝိ-သ ၄။ သော-ဉာဝိ-သ
၅။ ဥ-ဉာသံ-အ ၅။ ဥ-ဉာသံ-အ
၆။ ဥ-ဉာသံ-သ ၆။ ဥ-ဉာသံ-သ
၇။ ဥ-ဉာဝိ-အ ၇။ ဥ-ဉာဝိ-အ
၈။ ဥ-ဉာဝိ-သ ၈။ ဥ-ဉာဝိ-သ

ဘဝ၏အစဆုံးစိတ်, ဘဝ၏နောက်ဆုံးစိတ် နှင့် အိပ်ပျော်နေစဉ်တွင် စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသော ဘဝင်စိတ်များသည် ဤမဟာဝိပါက်စိတ်များဖြစ်ကြသည်။ ထို့ပြင် စိတ်အစဉ်တွင်ပါဝင်သော တဒါရုံစိတ်များ လည်း ဤမဟာဝိပါက်စိတ်များဖြစ်ကြသည်။ ဤမဟာဝိပါက်စိတ်များသည် အကြောင်းမဲ့ပေါ်လာသည်မဟုတ်။ မဟာကုသိုလ်(ကံ)စိတ်များကြောင့် ပေါ်လာခြင်းဖြစ်သည်။

မဟာကြိယာစိတ် ၈-ပါး

မဟာကုသိုလ်စိတ် ၈-ပါး မဟာဝိပါက်စိတ် ၈-ပါး မဟာကြိယာစိတ် ၈-ပါး
၁။ သော-ဉာသံ-အ ၁။ သော-ဉာသံ-အ ၁။ သော-ဉာသံ-အ
၂။ သော-ဉာသံ-သ ၂။ သော-ဉာသံ-သ ၂။ သော-ဉာသံ-သ
၃။ သော-ဉာဝိ-အ ၃။ သော-ဉာဝိ-အ ၃။ သော-ဉာဝိ-အ
၄။ သော-ဉာဝိ-သ ၄။ သော-ဉာဝိ-သ ၄။ သော-ဉာဝိ-သ
၅။ ဥ-ဉာသံ-အ ၅။ ဥ-ဉာသံ-အ ၅။ ဥ-ဉာသံ-အ
၆။ ဥ-ဉာသံ-သ ၆။ ဥ-ဉာသံ-သ ၆။ ဥ-ဉာသံ-သ
၇။ ဥ-ဉာဝိ-အ ၇။ ဥ-ဉာဝိ-အ ၇။ ဥ-ဉာဝိ-အ
၈။ ဥ-ဉာဝိ-သ ၈။ ဥ-ဉာဝိ-သ ၈။ ဥ-ဉာဝိ-သ

ကုသိုလ်စိတ်ကဲ့သို့ အကျိုးမရသဖြင့်, ပြုသော်လည်း ပြုကာမတ္တ ပြုရုံသာဖြစ်သော စိတ်ကို"ကြိယ" စိတ်ဟု ခေါ်သည်၊ ချဲ့ဦးအံ့-ရဟန္တာအရှင်တို့သည် ပုထုဇဉ် သေက္ခတို့ကဲ့သို့ ဒါနမှု သီလမှု ဘာဝနာမှုတို့ကို ပြုကြသေး၏၊ ထိုအမှုများကို တရားကိုကောက်လျှင် "သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက" စသည်များပင်တည်း၊ ထိုစိတ်များသည် အဝိဇ္ဇာ တဏှာတည်းဟူသော အနုသယဓာတ် မကင်းသေးသော ပုထုဇဉ်သေက္ခတို့၏ သန္တာန်၌ ထိုအဝိဇ္ဇာက ဘဝအပြစ်ကို ဖုံး၍ တဏှာအစေးက ဘဝမပြတ်အောင် စေးကပ်ဖွဲ့စည်းမှုကြောင့် နောက်နောက်ဘဝ၌ ဆိုင်ရာအကျိုးများကို ပေးကြရ၏၊ ရဟန္တာအရှင်မြတ်တို့၏ သန္တာန်၌ကား ဖုံးပေးမည့် အဝိဇ္ဇာ ဖွဲ့စည်းပေးမည့် တဏှာ မရှိတော့သဖြင့် ထိုထိုဒါနသီလစသည်တို့ကို ပြုကြောင်းဖြစ်သော ထိုစိတ်များသည် အကျိုးမပေးကြတော့ပဲ ပြုကာမတ္တ ပြုရုံမျှသာဖြစ်ရကား "ကြိယစိတ်" ဟု အမည်ရကြပေသည်၊ ထို့ကြောင့်ပင် ကုသိုလ်နှင့် ကြိယာတို့သည် စိတ်သဘောအားဖြင့်လည်းကောင်း, အရေအတွက် သင်္ချာအားဖြင့်လည်းကောင်း အညီအမျှ ရှိကြရသည်။

မဟာတပ်ပုံ

ဤကာမာဝစရကုသိုလ်, ဝိပါက်, ကြိယာစိတ်တို့ကို အဘယ့်ကြောင့် မဟာကုသိုလ် မဟာဝိပါက် မဟာကြိယာ ဟု ခေါ်ပါလိမ့်မည်နည်းဟု စဉ်းစားဖွယ်ရှိ၏။ စဉ်းစားမိသည်ကား - မဟဂ္ဂုတ်လောကုတ္တရာ စိတ်တို့နှင့် ကုသိုလ်ချင်းပြိုင်လျှင် ဤကာမကုသိုလ်က အရေအတွက်အားဖြင့် များ၏။ ဝိပါက်ကြိယာချင်း ပြိုင်လျှင်လည်း ဤကာမစိတ်ကများ၏။ ထို့ကြောင့် အများအနက်ကိုဟောသော 'မဟာ' သဒ္ဒါအထူးပြု၍ ဤမဟာကုသိုလ် မဟာဝိပါက် မဟာကြိယာဟု သုံးစွဲဟန်တူသည်ဟု စဉ်းစာမိပါသည်။

(သင်္ဂြိုဟ်ဘာဋီ)

အဟိတ်ကြိယာ မဟာကြိယာ ကွာခြားချက်

မဟာကြိယာစိတ်သည် ရဟန္တာသန္တာန်မှာသာ ဖြစ်သည်။ အဟိတ်ကြိယာတွင် ပါရှိသည့် ပဉ္စဒွါရာဝဇ္ဇန်း နှင့် မနောဒွါရာဝဇ္ဇန်းစိတ်သည် ရဟန္တာသန္တာန်မှာရော ပုထုဇဉ်တို့၏ သန္တာန်မှာပါ ဖြစ်သည်။ မဟာကြိယာ စိတ်သည် အညှာမှ ကြွေကျပြီးသော သင်္ဘောအမပွင့် တူသည်။ အညှာမှ မကြွေသေးရင် အချိန်ကျက အပွင့်မှ အသီးဖြစ်နိုင်သည်။ အညှာမှ ကြွေပြီးရင်ကား အသီးမဖြစ်နိုင်တော့ပေ။ ရဟန္တာသည် ကောင်းသည့် အမှုပြုရာ၌ ကောင်းသည့်စိတ်ပင်ဖြစ်သည်။ ထိုကောင်းသည့်စိတ်သည် အဝိဇ္ဇာနှင့်တဏှာ၏ အထောက်အပံ့ မရသဖြင့် နောင်ဘဝသံသရာတွင် အကျိုးမပေးနိုင်တော့၍ (မဟာဝိပါက်စိတ်ကို မဖြစ်စေနိုင် တော့၍) ကုသိုလ်အမည်မရဘဲ ကြိယာအမည်ရလေသည်။ ပဉ္စဒွါရာဝဇ္ဇန်း နှင့် မနောဒွါရာဝဇ္ဇန်းစိတ်သည် သင်္ဘောအဖိုပွင့်နှင့် တူသည်။ အဖိုပင်က အပွင့်ဖြစ်၍ သဘာဝအရပင် အသီးမဖြစ်နိုင်တော့ပေ။ ထို့အတူပင် ပဉ္စဒွါရာဝဇ္ဇန်း နှင့် မနောဒွါရာဝဇ္ဇန်းစိတ်သည် စိတ္တနိယာမ သဘောအရပင် ကြိယာဖြစ်နေသည်။ ပဉ္စဒွါရာဝဇ္ဇန်း နှင့် မနောဒွါရာဝဇ္ဇန်းစိတ်သည် အကျိုးစိတ်လည်းမဟုတ်။ စိတ္တနိယာမအရ ပေါ်လာခြင်းဖြစ်သည်။ ၄င်းတို့ကြောင့် နောင်ပေါ်လာမည့် စိတ်မရှိသဖြင့် အကြောင်းစိတ်လည်းမဟုတ်။ ထို့ကြောင့် ကြိယာစိတ်ဟု ခေါ်ရလေသည်။ အချုပ်အားဖြင့် အဟိတ်ကြိယာသည် သဘာဝကြိယာ ဖြစ်ပြီး၊ မဟာကြိယာသည် ပြပြုင် မှ ဖြစ်လာသော ကြိယာဖြစ်သည်ဟု မှတ်ပါ။

(မောဟဝိစ္ဆေဒနီကျမ်းမှ ကောက်နှုတ်ချက်)